မိုနာလီဇာပန်းချီကားရှိရာ ကမ္ဘာ့အကြီးဆုံး ပြတိုက်

ပြင်သစ်နိုင်ငံ ပဲရစ်မြို့၏ အထင်ကရ Louvre ပြတိုက်သည် ကမ္ဘာ့အကြီးဆုံးပြတိုက် ဖြစ်သည့်အပြင် တန်ဖိုးမဖြတ်နိုင်သော အနုပညာလက်ရာများ အထူးသဖြင့် မိုနာလီဇာပန်းချီကားကြောင့် ကျော်ကြားပါသည်။ နှစ်စဉ် ဧည့်သည်ဆယ်သန်းနီးပါး လာရောက်လေ့လာလေ့ရှိသဖြင့် ကမ္ဘာ့လူဝင်အများဆုံးပြတိုက်အဖြစ်လည်း နှစ်ပေါင်းများစွာတိုင် ဗိုလ်စွဲခဲ့သည်။ Louvre ပြတိုက်ကို ပြင်သစ်လို “လူဗာ”ဟု အသံထွက်ပြီး အမေရိကန်လိုဆိုလျှင်တော့ “လု(ဗ်)”ဟု အသံထွက်ပါသည်။

Louvre ပြတိုက်သည် ၁၅ ဧက အကျယ်ရှိပြီး အထပ်လေးထပ် ရှိပါသည်။ ပြတိုက်ဝင်ပေါက်ရှိရာ ပိရမစ်ပုံစံ အဆောက်အအုံကြီးသည် ပဲရစ်မြို့၏ အကျော်ကြားဆုံး အထင်ကရ အဆောက်အအုံတစ်ခုဖြစ်သည်။ မှန်နှင့်သတ္တုဖြင့ ်ပြုလုပ်ထားသည့် ထိုပိရမစ်အဆောက်အအုံကို တရုတ်-အမေရိကန်ဗိသုကာ I.M.Pei မှ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၁၉၈၉ ခုနှစ်တွင်ပြီးစီးခဲ့သည်။ ပြတိုက်ဝန်းထဲတွင် ပိရမစ်ပုံစံငယ်အဆောက်အအုံ သုံးခုလည်း ရှိပါသေးသည်။

Louvre ပြတိုက်ကို မူလက ၁၂ ရာစု မှ ၁၃ ရာစုအကြား ဖိလစ်ဘုရင် (၂) လက်ထက်တွင် ရဲတိုက်ကြီးအဖြစ် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ၁၆ ရာစုတွင် တော်ဝင်နန်းတော်အဖြစ် ပြောင်းလဲကာ တော်ဝင်မိသားစုများစံမြန်းခဲ့ပြီးနောက် ၁၇၉၃ ခုနှစ်တွင်မှ ပြတိုက်အဖြစ် တိုးချဲ့ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ပြတိုက်ကြီးသည် ဒုတိယကမ္ဘာစစ်အတွင်း နာဇီတို့ သိမ်းပိုက်ခဲ့သမျှ ပစ္စည်းများ သိမ်းဆည်းရာနေရာအဖြစ်လည်း အသုံးပြုခံခဲ့ရပါသည်။

ပြတိုက်တွင် အစောပိုင်းက တော်ဝင်မိသားစု စုဆောင်းထားသည့် ပန်းချီကားများကိုသာ ပြသခဲ့သော်လည်း နောက်ပိုင်းတိုးချဲ့ခဲ့ရာ ယခုအခါ အနုပညာလက်ရာပေါင်း ၃သိန်း၈သောင်းကျော်ရှိပြီဖြစ်သည်။ ပြတိုက်တွင် ထိုပစ္စည်း၏ ဆယ်ပုံတစ်ပုံခန့်ကိုသာ ခင်းကျင်းပြသထားသော်လည်း ပြတိုက်တစ်ခုလုံးကို တစ်ရက်တည်းအပြီး ကြည့်ရှုရန် မဖြစ်နိုင်ပါ။ တစ်လဆိုလျှင်တောင် မလုံလောက်ပါ။ အကယ်၍ အနုပညာလက်ရာတစ်ခုစီကို စက္ကန့် ၃၀ အချိန်ပေးခံစားမည်ဆိုပါက မအိပ်မစားဘဲ ဆက်တိုက်ဆိုလျှင်တောင် ရက်ပေါင်း ၁၀၀ ကျော် အချိန်ပေးရပါလိမ့်မည်။

ပြတိုက်တွင် ဥရောပ လက်ရာများသာမက အီဂျစ်၊ ဂရိ၊ ရောမ၊ အစ္စလာမ်၊ အရှေ့တိုင်းဆိုင်ရာ ပန်းချီကားများ၊ ပန်းပုများ၊ အနုပညာလက်ရာများနှင့် ရှေးဟောင်းပစ္စည်းများစွာ ရှိလို့နေပါသည်။ ပစ္စည်းများကို အပိုင်းရှစ်ပိုင်းခွဲကာ ပြသထားကာ ပန်းချီပြခန်းမှာ နာမည်အကြီးဆုံးဖြစ်သည်။ ပန်းချီပြခန်းတွင် ပန်းချီကားပေါင်း ၇၅၀၀ နီးပါးခန့်ရှိပြီး ၆၆ ရာခိုင်နှုန်းမှာ ပြင်သစ်အနုပညာရှင်များ၏ လက်ရာများဖြစ်သည်။ ကမ္ဘာကျော်ပန်းချီဆရာ လီယိုနာဒိုဒါဗင်ချီ၏ မိုနာလီဇာပန်းချီသည် ပြတိုက်၏ အကျော်ကြားဆုံးဆွဲဆောင်မှုဖြစ်ပြီး နှစ်စဉ်လူသန်းချီသော ဧည့်သည်တို့သည် မိုနာလီဇာအပြုံးကို မျက်ဝါးထင်ထင်မြင်ဖူးရန် ပြတိုက်ကို လာရောက်လေ့ရှိကြပါသည်။ ထိုပန်းချီကားကို ကျည်ကာမှန်ဖြင့် ဖုံးအုပ်ထားပြီး ကိုယ်ပိုင်လုံခြုံရေးများလည်းရှိကာ ပန်းချီကားကြည့်ရန် အကြာကြီးတန်းစီရပါသည်။


Louvre ပြတိုက်သည် ပြင်သစ်နိုင်ငံတွင်သာမက တခြားမှာလည်းရှိပါသေးသည်။ ၎င်းမှာ အဘူဒါဘီမြို့တွင် ၂၀၁၇ ခုနှစ်က ဖွင့်လှစ်ခဲ့သည့် ပြတိုက်ဖြစ်ပြီး အာရေဘီယန်ကျွန်းဆွယ်မှာ အကြီးဆုံးအနုပညာပြတိုက်ဖြစ်သည်။ ပြင်သစ်နှင့် ယူအေအီး နှစ်နိုင်ငံပေါင်း၍ အမေရိကန် ဒေါ်လာ ၁.၃ ဘီလီယျံတန် စာချုပ်ချုပ်ကာ တည်ဆောက်ခဲ့ပြီး Louvre ပြတိုက် အမည် အသုံးပြုခတင် သန်းပေါင်း ၅၂၀ ကုန်ကျခဲ့သည်ဟု သိရပါသည်။

Louvre ပြတိုက်သည် အနုပညာလက်ရာများကို တစ်နေရာထဲတွင် လေ့လာနိုင်သည့် နေရာဖြစ်သည်။ ပြင်သစ်ကိုရောက်ပြီး Louvre ပြတိုက်ကို မရောက်ပါက မပြည့်စုံဟုဆိုရပေမည်။ ပြတိုက်ဝင်ကြေးမှာ ပုံမှန်ဝင်ကြေးဆိုလျှင် ၁၅ ယူရို (မြန်မာငွေ သုံးသောင်းကျပ်နီးပါး) ကျသင့်ပါလိမ့်မည်။
ဒေါက်တာနုမြတ်သိင်္ဂ ီဦး
