ကမ္ဘာ့ဒုတိယအသေးဆုံးနိုင်ငံ
မိုနာကို (Monaco)သို့
ကမ္ဘာပေါ်မှာ နိုင်ငံပေါင်း ၁၉၇နိုင်ငံရှိတဲ့အနက် နယ်မြေဧရိယာအားဖြင့် အကြီးဆုံးနိုင်ငံက ရုရှားနိုင်ငံဖြစ်ပြီး အသေးဆုံးကတော့ အီတလီနိုင်ငံ ရောမမြို့ထဲရှိ ပုပ်ရဟန်းမင်းကြီးနေထိုင်တဲ့ Vactican City နိုင်ငံလေးပဲဖြစ်ပါတယ်။ ဒုတိယအသေးဆုံးနိုင်ငံကတော့ မိုနာကို(Monaco) နိုင်ငံပဲဖြစ်ပြီး သူလည်းပဲ ဥရောပနိုင်ငံတစ်ခုဖြစ်ပါတယ်။
မိုနာကိုနိုင်ငံကို Selena Gomez တို့ Leighton Meester တို့ သရုပ်ဆောင်ထားတဲ့ Monte Carlo ရုပ်ရှင်ဇာတ်ကားလေးထဲမှာကတည်းက သွားချင်နေတာ။ အဲဒါနဲ့ နုမြတ်တို့ ဒီသင်္ကြန် ဥရောပ (၈)နိုင်ငံ သွားလည်ခဲ့တုန်းက မိုနာကိုနိုင်ငံကိုပါ အရောက်သွားဖြစ်ခဲ့တယ်။
ဘယ်နေရာမှာရှိတာလဲ
မိုနာကိုက ဥရောပအရှေ့တောင်ဘက်ရှိ French Riviera လို့ခေါ်တဲ့ ပြင်သစ်ကမ်းရိုးတန်းမှာရှိပြီး အရှေ့ဘက်မှာမြေထဲပင်လယ်နဲ့ ကျန်သုံးဖက်မှာ ပြင်သစ်နိုင်ငံကဝန်းရံထားတဲ့ ကမ်းခြေနိုင်ငံလေးပါ။ ပြင်သစ်ထဲရောက်နေတော့ မသိတဲ့သူတွေကတော့ မိုနာကိုကို ပြင်သစ်လက်အောက်ခံလို့ထင်နေကြတယ်။ တကယ်က မဟုတ်ပါဘူး။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ သီးသန့်နိုင်ငံအဖြစ်ရှိနေတာပါ။ မိုနာကိုရဲ့ အရှေ့ဘက် ၅မိုင်လောက်အကွာမှာ ပြင်သစ်-အီတလီနယ်စပ်ရှိလို့ အီတလီနိုင်ငံနဲ့လည်းတော်တော်နီးပါတယ်။
ဘယ်လိုသွားလဲ
နိုင်ငံသေးတော့ လေယာဉ်ကွင်းတို့ ဘူတာရုံတို့ မရှိပါဘူး။ မိုနာကိုကို သွားမယ်ဆိုရင် အနောက်ဘက် ၁၂မိုင်ကျော်အကွာရှိ ပြင်သစ်အပန်းဖြေကမ်းခြေမြို့ နိ(စ်)(Nice) ကနေ တဆင့်သွားရမှာပါ။ နုမြတ်တို့သွားတုန်းက သြစတြီးယားနိုင်ငံ ဗီယာနာမြို့ကနေ နိ(စ်)ကို လေယာဉ်နဲ့သွားပြီး နိ(စ်)မှာပဲတည်းပြီး နိ(စ်)ကနေ မိုနာကိုကို ကားနဲ့သွားခဲ့ကြတာပါ။ မိုနာကိုကနိုင်ငံသေးတော့ ဟိုတယ်ခတွေက တအားဈေးကြီးတာ။ နိ(စ်)ကနေသွားရင် နာရီဝက်လောက်ပဲဆိုတော့ နိ(စ်)မြို့လေးကလည်း အရမ်းလှတော့ အဲ့မှာပဲ တည်းခဲ့ကြတာ။
နိ(စ်)က တိုးရစ်အလာများတဲ့မြို့ဆိုတော့ နိ(စ်)ကနေ Half Day Tour တွေ Full Day Tour တွေအများကြီးရှိတယ်။ နိ(စ်)ကနေ မိုနာကိုနိုင်ငံရယ်၊ ကန်း(Cannes) ရုပ်ရှင်ပွဲတော်ပြုလုပ်နေကျ ကန်းမြို့လေးရယ်၊ တခြားတောင်ပေါ်ရွာလေးတွေရယ် အကုန်လုံးကို တစ်နေတည်းနဲ့ အရောက်ပို့ပေးတယ်။ အဲဒီမြို့လေးတွေ၊ ရွာလေးတွေက တစ်ခုနဲ့တစ်ခု ကပ်ရပ်ပဲဆိုတော့ ခပ်သုတ်သုတ်သွားရင် တစ်နေ့တည်းနဲ့ အပြီးသွားလို့ရပါတယ်။ အချိန်ရရင်တော့ အေးဆေးသွားသင့်တယ်။ ကမ်းခြေမြို့တွေရော၊ တောင်ပေါ်ရွာတွေရောက အရမ်းကို သာယာလှပလွန်းလို့လေ။ နုမြတ်တို့တုန်းက တစ်ရက်ပဲ အချိန်ရတော့ တက်သုတ်ရိုက်သွားလိုက်ရတာ။
ဒုတိယအသေးဆုံးနိုင်ငံ
မိုနာကိုနိုင်ငံလေးက ဘယ်လောက်များသေးငယ်လဲဆိုရင် အကျယ်အဝန်းစုစုပေါင်း စတုရန်းမိုင်၁.၂၄သာရှိတာပါ။ ပြောရမယ်ဆိုရင် မြို့သေးလေးတစ်မြို့စာလောက်ပဲရှိတာပါ။ နိုင်ငံတစ်ဖက်ကနေတစ်ဖက်ကို အရှေ့နဲ့အနောက်တည့်တည့်လမ်းလျှောက်မယ်ဆိုရင် တစ်နာရီပဲ ကြာလောက်တဲ့အထိ နိုင်ငံလေးကသေးငယ်ပါတယ်။
အချမ်းသာဆုံးနိုင်ငံ
နိုင်ငံကသာသေးတာ အချမ်းသာဆုံးနိုင်ငံထဲမှာပါတယ်။ လူဦးရေရဲ့ ၃၀%က သန်းကြွယ်သူဌေးတွေပါ။ အလုပ်လက်မဲ့ဦးရေက သုညလို့သိရပါတယ်။ စာမတတ်သူလည်းမရှိပါဘူးတဲ့။ သူဌေးတွေနေတဲ့နိုင်ငံဆိုတော့ ကိုယ်ပိုင်ရွက်လှေတွေဆို ဆိပ်ကမ်းမှာ အပြည့်။ ကိုယ်ပိုင်ဟယ်လီကော်ပတာဆင်းဖို့ကွင်းတွေလည်းရှိပါတယ်။ ကားတွေ၊ လူတွေဆိုလည်း ပျံလန်နေတာ။
လူဦးရေအထူထပ်ဆုံးနိုင်ငံ
မိုနာကိုဟာကမ္ဘာ့လူဦးရေ အထူထပ်ဆုံးနိုင်ငံလည်းဖြစ်ပါတယ်။ နိုင်ငံကသေးတော့ လူဦးရေ ၃၈၀၀၀ ကျော်ပဲရှိတာတောင် အကျယ်အဝန်းနဲ့ယှဉ်လိုက်တဲ့အခါမှာ လူဦးရေထူထပ်သွားတာပါ။ လူဦးရေ ၄သောင်းနီးပါးမှာ ၅ပုံ၁ပုံကသာ ဒေသခံတွေဖြစ်ပြီး ကျန်တာက နိုင်ငံသားခံယူထားတဲ့ ပြည်ပကလာနေထိုင်တဲ့သူဌေးတွေပါ။
မွန်တီကာလို ကာစီနိုရုံ
လူဦးရေကနည်းပေမဲ့ ဧည့်သည်ပေါင်းက တစ်နှစ်ကို ၁.၅သန်းတောင်တဲ့။ အဲဒီတော့ အဓိက စီးပွားရေးက ခရီးသွားလုပ်ငန်းပေါ့။ ဘဏ်လုပ်ငန်းနဲ့ ကာစီနိုဝိုင်းတွေကလည်း ဝင်ငွေ အများဆုံးရပါတယ်။ နှစ်ပေါင်း၁၅၄နှစ်သက်တမ်းရှိ Monte Carlo (မွန်တီကာလို)ကာစီနိုရုံက မိုနာကိုနိုင်ငံရဲ့ Landmark တစ်ခုပါ။ ခမ်းနားလွန်းလို့ James Bond ဇာတ်ကား ၃ကားတောင်လာရိုက်ခဲ့ရပါတယ်။ ဒါပေမဲ့ နိုင်ငံသားတွေကိုတော့ ကာစီနိုရုံထဲ ဝင်ကစားခွင့်မပေးပါဘူး။
Formula F1 ကားမောင်းပြိုင်ပွဲ
နောက်ပြီး Formula F1 ကားမောင်းပြိုင်ပွဲ Grand Prix ကျင်းပရာနေရာအဖြစ်လည်းနာမည်ကြီးပါသေးတယ်။ မိုနာကိုရဲ့ လမ်းကျဉ်းကျဉ်းလေးတွေ၊ ကမ်းခြေလမ်းတွေ၊ ဥမင်လှိုဏ်ခေါင်းတွေ ဖြတ်မောင်းရတဲ့ ဒီကားပြိုင်ပွဲကို ကမ္ဘာအနှံ့က လာရောက်အားပေးကြလေ့ရှိပါတယ်။ တချို့လမ်းတွေမှာ ပြိုင်ကားမောင်းလို့ရအောင်လမ်းဘေးမှာ သံဗန်းတွေကာထားပေးတာတွေ့ရပါတယ်။
ဘုရင်စနစ်နဲ့ အုပ်ချုပ်တဲ့နိုင်ငံ
မိုနာကိုနိုင်ငံက ပြင်သစ်နိုင်ငံထဲရောက်နေတဲ့ နိုင်ငံသေးသေးလေးဆိုတော့ တချိုကက ပြင်သစ်လက်အောက်ခံနိုင်ငံလို့ထင်နေကြတယ်။ တကယ်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီဖြစ်သော ဘုရင်စနစ်/မင်းသားအုပ်ချုပ်ခံနိုင်ငံဖြစ်ပြီး ဥရောပမှာရှေးအကျဆုံး ruling house ဖြစ်တဲ့ ဂရီမယ်လ်ဒီ(Grimaldi)မိသားစုမျိုးဆက်ကနေ အုပ်ချုပ်နေတဲ့နိုင်ငံဖြစ်ပါတယ်။ ဘုရင်စနစ်နဲ့ အုပ်ချုပ်ဆဲနိုင်ငံဖြစ်လို့ တော်ဝင်မိသားစုတွေ နေထိုင်နေဆဲ နန်းတော်တွေလည်းတွေ့ခဲ့ရပါတယ်။ မိုနာကိုနိုင်ငံက ရှေးခေတ်ကသြဇာကြီးခဲ့တဲ့ ဂျီနိုယာသမ္မတနိုင်ငံကနေ ၁၂၄၇ခုနှစ်မှာ လွတ်လပ်ရေးရပြီး နိုင်ငံတစ်ခုအဖြစ်ခွဲထွက်လာခဲ့တာပါ။
မိုနာကိုရဲ့ ဒိုင်ယာနာ (သို့) ဂရေ့စ်ကယ်လီ
အင်္ဂလန်နိုင်ငံကို တော်ဝင်မင်းသမီးဒိုင်ယာနာနဲ့တွဲသိကြသလို မိုနာကိုနိုင်ငံကိုတော့ တော်ဝင်မင်းသမီး ဂရေ့စ်ကယ်လီနဲ့တွဲသိကြပါတယ်။ ချောမောလှပလွန်းတဲ့ အမေရိကန်ရုပ်ရှင်မင်းသမီး ဂရေ့စ်ကယ်လီဟာ မိုနာကိုနိုင်ငံမှာ ရုပ်ရှင်သွားရိုက်ရင်း ထိုစဉ်က မိုနာကိုတော်ဝင်မင်းသား ရိန်နီယာ III နဲ့ဖူးစာဆုံကာ ၁၉၅၆ခုနှစ်မှာ ထိမ်းမြားလက်ထပ်ခဲ့ပြီး ရုပ်ရှင်မင်းသမီးဘဝကနေ တော်ဝင်မင်းသမီးဘဝကိုရောက်ရှိခဲ့ပါတယ်။ ကလေး၃ယောက်ဖွားမြင်ခဲ့ပြီး ဒုတိယသားဖြစ်တဲ့ တော်ဝင်မင်းသား အဲလ်ဘတ်II ဟာ အခုလက်ရှိ မိုနာကိုနိုင်ငံကို အုပ်ချုပ်နေသူပဲဖြစ်ပါတယ်။ လူအများအားကျရခဲ့ပေမဲ့ မင်းသမီးဒိုင်ယာနာလိုပဲ မင်းသမီးဂရေ့စ်ကယ်လီရဲ့ဇာတ်သိမ်းက မလှပခဲ့ပါဘူး။ ၁၉၈၂ခုနှစ်က ကားအက်ဆီးဒင့်နဲ့ ဆုံးပါးသွားခဲ့ရတာကြောင့်ပါ။
မိုနာကိုနိုင်ငံဟာ အကျယ်အဝန်းအားဖြင့်သေးငယ်ပေမဲ့ အတုယူစရာကောင်းပါတယ်။ အလုပ်လက်မဲ့မရှိ စာမတတ်သူမရှိလို့ လူသားဖွံ့ဖြိုးမှုညွှန်းကိန်း ၁အထက်မှာရှိတဲ့ တစ်ခုတည်းသောနိုင်ငံပါတဲ့။ အချမ်းသာဆုံးနိုင်ငံတစ်ခုဖြစ်ပြီး ကမ္ဘာပေါ်မှာ Life Expectancy အမြင့်ဆုံးနိုင်ငံလည်းဖြစ်ပါတယ်။ စိတ်ဝင်စားစရာတွေနဲ့ပြည့်နှက်နေလို့ ဥရောပရောက်ရင် သွားလည်ကြည့်သင့်ပါတယ်လို့။
အားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေ….
#NuMyat
#NuMyataroundtheWorld
#Monaco
