⛰ကရင်ပြည်နယ်က သဘာဝလှိုဏ်ဂူကြီး (၆)ခု ⛰
ကရင်ပြည်နယ်က တကယ်ကို သဘာဝအလှတွေပြည့်စုံတဲ့ပြည်နယ်တစ်ခုပဲနော်။ တောတောင်တွေ၊ လှိုဏ်ဂူတွေနဲ့ ရေတံခွန်တွေပေါများတဲ့ ဒေသဆိုတော့လေ။ ဟုတ်တယ်ဟုတ်။
(1) ဆဒ္ဒန်ဂူ
ကရင်ပြည်နယ်က ဂူတွေအကြောင်းပြောရမယ်ဆို ဆဒ္ဒန်ဂူကတော့ ထိပ်ဆုံးကပေါ့။ ဆဒ္ဒန်ဂူသွားရင် သဘာဝအလှအပတွေရှုစားလို့ရနိုင်တဲ့အပြင် အတွေ့အကြုံ အသစ်အဆန်းတွေပါရနိုင်တာကြောင့်ပါ။ ဆဒ္ဒန်ဂူကြီးက နှစ်ဖက်ပိတ်ဂူကြီးဆိုတော့ တစ်ဖက်ဝင်ပေါက်ကနေ နာရီဝက်လောက်လမ်းလျှောက်ဝင်ပြီး ထွက်ပေါက်ကနေပြန်ထွက်ကာ ထွက်ပေါက်ကနေဝင်ပေါက်ဆီကိုတော့ ဂူအပြင်ဘက်ကနေ လှေတတန် ကုန်းကြောင်းတတန်ပြန်သွားရတာပါ။

ထုံးကျောက်ဂူကြီးထဲ ကျောက်ခတ်ပန်းဆွဲတွေ ကျောက်ဆိုင်တွေ အများစုက သဘာဝအတိုင်းရှိနေပြီး ဂူကြီးက အကျယ်ကြီးနဲ့ အကြီးကြီးပါ။ ကရင်ပြည်နယ်မှာ အရှည်ဆုံးလှိုဏ်ဂူဖြစ်ပြီး မြန်မာမှာ ပဉ္စမမြောက်အရှည်ဆုံးဂူပါတဲ့။ ဂူထဲ ဖိနပ်စီးလို့မရတော့ ခြေထောက်ခဲစူးမှာတော့ သတိထားသင့်ပါတယ်။ မှောင်လည်းမှောင်တော့ ဓာတ်မီးဆောင်သွားပါ။ တချို့နေရာမှာ လင်းနို့လေးတွေ ဂူမျက်နှာကျက်မှာ တွဲလောင်းခိုနေတတ်ပါတယ်။ ဂူထွက်ပေါက်နားမှာ အပြင်ထိပေါက်နေတဲ့ အပေါက်ကြီးထဲ နေရောင်ခြည်တွေဖြာကျနေတာသိပ်လှပါတယ်။ အများစုက အဲ့နေရာမှာ ဓာတ်ပုံရိုက်လေ့ရှိကြပါတယ်။


ဂူထွက်ပေါက်ကနေမြင်ရတဲ့ ရှုခင်းကလည်း သိပ်လှပေါ့။ တောတောင်တွေနောက်ခံမှာ ရေကန်ကြီးနဲ့ သိပ်သာယာတာ။ အဲ့ရေကန်ကြီးကို ဖြတ်ပြီးလှေစီးရတယ်။ လှေကလည်း ရိုးရိုးစီးရတာဟုတ်ဘူး။ ကျောက်တောင်ကြီးတစ်ခုအောက်ကနေ လည်း ဖြတ်စီးရတယ်။ ရေမျက်နှာပြင်မြင့်တက်နေတဲ့အချိန်ဆို ကျောက်တောင်ကြီးအောက် ဖြတ်တဲ့အချိန်လှေပေါ်ပက်လက်လှန်ပြီး စီးရတာတဲ့လေ။ တော်တော်ပျော်ဖို့ကောင်းပါတယ်။



တည်နေရာကတော့ ဇွဲကပင်တောင်ကြီးရဲ့ အစွန်ဆုံးနေရာမှာ တည်ရှိပြီး ဘားအံမြို့ကနေဆိုရင် တောင်ဘက် ၁၅ မိုင်လောက်အကွာမှာ ရှိပါတယ်။

(2) ကော့ဂွန်းဂူ
ကော့ဂွန်းဂူကလည်း ကရင်ပြည်နယ်ရဲ့ အံဖွယ်ထဲမှာ တစ်ခုအပါအဝင်ပဲပေါ့။ ဝင်ဝင်ချင်းမှာ တကယ်ကို ဆွံ့အသွားခဲ့တာ။ ဒီလိုရှေးဟောင်းအမွေအနစ်တွေရှိမှန်း ဟိုးအရင်တုန်းက မသိခဲ့ရပါလားလို့။ အမိုးလိုဖြစ်နေတဲ့ ကျောက်ကမ်းပါးနံရံကြီးတွေမှာ အုတ်ခွက် ဗုဒ္ဓဆင်းတုတော်တွေ ထွင်းထုထားတာမရေမတွက်နိုင်လောက်အောင်ပဲ။ ထုံးကျောက်တွေကိုထုဆစ်ထားတဲ့ ဗုဒ္ဓဆင်းတုတော်တွေလည်း ထိုင်တော်မူ ရပ်တော်မူ လျောင်းတော်မူ ပုံစံအမျိုးမျိုးနဲ့ အများကြီးဖူးမြော်နိုင်ပါတယ်။ ဆင်းတုတော်တွေရဲ့ လက်ရာတွေကတော့ ပုဂံခေတ်နှောင်းကာလ အေဒီ ၇ရာစု လက်ရာလို့သိရပါတယ်။

ကျောက်စာမှာ ထွင်းထားတဲ့ ရှေးခေတ်မွန်စာအရေးအသားတွေအရ မုတ္တမမိဖုရားကြီး လှူဒါန်းပူဇော်ထွင်းထုထားတာလို့သိရပါတယ်။ ပုဂံအနော်ရထာမင်းက သထုံမနုဟာမင်းကိုတိုက်ခိုက်ပြီး သထုံပြည်ပျက်တဲ့အခါမှာ ထွက်ပြေးလွတ်မြောက်လာတဲ့ မုတ္တမမိဖုရားက ကော့ဂွန်းဂူဆီ ရောက်သွားပြီး ပုန်းအောင်းနေခဲ့ပါသတဲ့။ ပုန်းအောင်နေစဉ်အတွင်း ကော့ဂွန်းဂူနဲ့ ဂူအနီးနားတစ်ဝိုက်မှာ စေတီ၊ဆင်းတု၊ရုပ်ကြွတွေကို ထွင်းထုလှူဒါန်းခဲ့လို့ အခုလိုရှေးဟောင်းလက်ရာတွေကို ဖူးမြော်နိုင်ခဲ့တာပါ။
တည်နေရာကတော့ ဘားအံမြို့ကနေ ၈ မိုင်ခန့်အကွာ သံလွင်မြစ်အနောက်ဘက် ကော့ဂွန်းကျေးရွာကနေဆို ၂ ဖာလုံခန့် အကွာရှိ ကော့ဂွန်းတောင်မှာ ရှိနေတာပါ။ ဂူအမျိုးအစားကတော့ တစ်ဖက်ပိတ်ထုံးကျောက်ဂူအမျိုးအစားပါ။
(3) ဘုရင့်ညီဂူ
ဘုရင့်ညီဂူကိုတော့ ဟိုးငယ်ငယ်လေးထဲက ကြားဖူးရောက်ဖူးခဲ့တာပါ။ မေမေက သထုံသူဆိုတော့ သထုံသွားရင်း ဝင်လည်ဖြစ်ခဲ့တာကြောင့်လည်းပါပါတယ်။ ဘုရင့်ညီဂူရဲ့ ထူးခြားချက်ကတော့ ထိုဂူှရှိတဲ့ တောင်အောက်ခြေမှာ ရေအိုင်ကြီးရှိပြီး ရေပူဖက်နဲ့ ရေအေးဖက်ဆိုပြီး နှစ်မျိုးဖြစ်နေတာပါ။ ရေတွေက အတူတူစီးဆင်းနေပေမဲ့ ရောသွားတာမျိုးမရှိဘဲ တစ်ဖက်က ပူနေပြီး အခြားတစ်ဖက်က အေးနေတာ တော်တော်ထူးခြားပါတယ်။ သဘာဝရေပူစမ်းက ကိုယ်အရေပြားရောဂါတွေကို ပျောက်ကင်းစေတယ်လို့လည်းအယူရှိပါတယ်။

ဘုရင့်ညီဂူမှာ အမည်တွေလည်း အမျိုးမျိုးတွင်ခဲ့တာတဲ့လေ။ ဟိုးရှေးခေတ်တုန်းက အမည်ကတော့ “မဟာပါသာဏရတနာလှိုဏ်ဂူ”ပါတဲ့။ နောက်ပိုင်းမှာ မဟိ ံသရာဇာဘုရင်ကြီး တရားထိုင်ခဲ့ရာဂူ ဖြစ်ခဲ့လို့ “ဘုရင်ကြီးဂူ”လို့ အမည်တွင်ခဲ့တယ်။ သထုံပြည်ရဲ့ ဘုရင့်သားတော်နှစ်ပါးဖြစ်တဲ့ သီဟကုမ္မာရနဲ့ စိတ္တကုမ္မာရ မင်းသား၂ပါး ပုန်းအောင်းခဲ့လို့လည်း “ဘုရင်ညီနောင်ဂူ”လို့လည်း နာမည်တွင်ခဲ့တယ်။ “ဘုရင်ညီဂူ” လို့ အခုလက်ရှိမှာ အမည်တွင်နေတာကတော့ မင်းသားညီနောင်၂ပါးမှာ နောင်တော် ဖမ်းစီးကွပ်မျက်ခံရပြီး ညီတော်၁ပါးသာ ကျန်ရစ်နေထိုင်ခဲ့လို့ပါတဲ့လေ။
တည်နေရာကတော့ သထုံကနေ မြိုင်ကလေးသွားရာလမ်းပေါ် သံလွင်မြစ်နဲ့ ဒုံသမိမြစ်အကြား မြေပြန့်ပေါ်မှာ ထီးထီးကြီး ထိုးထွက်နေတဲ့ ကျောက်တောင်ကြီးရဲ့ အတွင်းပိုင်းမှာ တည်ရှိနေတာပါ။
(4) လင်းနို့ဂူ
လင်းနို့ဂူထဲကနေ နေဝင်ချိန် ငါးနာရီခွဲ ခြောက်နာရီလောက်ဆို လင်းနို့ပေါင်း သောင်းချီ သိန်းချီပြီး အစာရှာဖို့ ပျံထွက်လာလေ့ရှိပါတယ်တဲ့။ နဂါးငွေ့တန်းကြီးလိုပဲ ကြည့်ရသိပ်လှတဲ့ လင်းနို့တွေ အစာရှာထွက်တာကို လင်းနို့ဂူဘေးကပ်ရပ်တောင်ပေါ်တက်ကာ တောင်ပေါ် View Point ကနေလှမ်းကြည့်ရတာပါ။ View Point ကနေပြီး သံလွင်မြစ်၊ သံလွင်တံတား၊ ဇွဲကပင်တောင်၊ ခုနှစ်ဆူတောင်(ကြာအင်းတောင်)နဲ့ ဖားပုတောင်တွေကို ပါ အပေါ်စီးကနေ လှမ်းမြင်နိုင်ပါတယ်တဲ့။ ညနေဆည်းဆာ နေဝင်ချိန်မှာ ဒီရှုခင်းနောက်ခံပြီး လင်းနို့တွေ အများကြီး ပျံတက်သွားတဲ့မြင်ကွင်းက သိပ်ကိုရင်သက်ရှုမောဖွယ်ကောင်းလွန်းလို့ နိုင်ငံခြားသားတွေအကြိုက်ပါ။
(5) ကော့ကသောင်ဂူ
ကော့ကသောင်ဂူကတော့ တစ်ဖက်ပိတ် ထုံးကျောက်ဂူပါတဲ့။ အဝကျယ်ပြီး အတွင်းမှာ ကျဉ်းသွားတဲ့ ဂူအမျိုးအစားပါ။ ဂူထဲမှာ ဘုရားတွေဆင်းတုတွေတည်ထားပါတယ်။ ဂူအဆုံးမှာ ရှေးရဟန်းတော်တွေရဲ့ ဓာတ်တော်တွေလည်း ဖူးမြော်နိုင်ပါတယ်။ အနီးအနားမှာ စိတ္တသုခကန်နဲ့ ရေတံခွန်လည်းရှိတယ်တဲ့။ ကော့ကသောင်ဂူဆီ မရောက်ဖူးသေးဘူး။ နောက်တစ်ခါ ကရင်ဘက်သွားရင်တော့ သွားကြည့်ဦးမယ်။ တခြားသူတွေ တင်ထားတာ ကော့ကသောင်ဂူ တဝိုက်လည်း သစ်ပင်တွေ အုံ့အုံ့ဆိုင်းဆိုင်းနဲ့ ရှုခင်းတွေလှပါတယ်။

(6) ရသေ့ပျံဂူ
ရသေ့ပျံဂူလို့ ခေါ်ရတဲ့ အကြောင်းကဒီလိုပါ။ ဂူအတွင်းမှာ မျက်နှာကျက်ကိုမော့ကြည့်ရင် ကောင်းကင်ကိုဖောက်ထွင်းမြင်ရတဲ့ အပေါက်တစ်ပေါက်ရှိပါတယ်။ ဒီအပေါက်ကနေ တရားထူးရတဲ့ ရသေ့ တစ်ပါးက တောင်ကိုဖေါက်ပြီး ကောင်းကင်ဆီ ဈာန်နဲ့ ပျံတက်သွားတဲ့ အပေါက်ပါတဲ့။ ဒါကြောင့် ရသေ့ပျံတောင်၊ ရသေ့ပျံဂူလို့ခေါ်တာပါတဲ့။
ရသေ့ပျံဂူမှာလည်း သမိုင်းဆိုင်ရာ အချက်အလက်တွေနဲ့ခေတ်အဆက်ဆက် ယဉ်ကျေးမှုတွေကိုပါ လေ့လာနိုင်ပါတယ်။ သဘာဝကျောက်လိုဏ်ဂူထဲမှာ ရှေးဟောင်းနံရံအုတ်ခွက်ဘုရားတွေနဲ့ ရှေးဟောင်း ရုပ်ပွားတော်တွေရှိတာကြောင့်ပါ။ ဂူအဝက၇၅ပေသာ ကျယ်ပေမယ့် ဂူတွင်းမှာ ပေ ၁၅၀ခန့်ထိကျယ်ဝန်းပါတယ်။
တည်နေရာကတော့ ကော့ဂွန်းဂူလမ်းအတိုင်းသွားရင် ရောက်နိုင်ပါတယ်။

တခြားလည်ပတ်စရာနေရာတွေ
တောင်တက်နိုင်တယ်ဆိုရင် ဇွဲကပင်တောင်နဲ့ တောင်ဝိုင်းကိုတက်ပါ။ ဇွဲကပင်တောင်ကလှေကားထစ်တွေများပြီး တောင်ဝိုင်းကတော့ လမ်းကြမ်းပါတယ်။ တောင်တွေပေါ်ကမြင်ရတဲ့ ရှုခင်းကတော့ အရမ်းလှပါတယ်။
ရေကန်ကြီးထဲမှာ ကျောက်ကလပ်လို ဖြစ်နေတဲ့ တောင်ပေါ်စေတီတည်ထားတဲ့ ကျောက်ကလပ်စေတီလည်း ရှုခင်းအရမ်းလှပါတယ်။ ရွှေရင်မျှော်စေတီနဲ့ လုမ္မနီဥယျာဉ်ကဘုရားစေတီတွေလည်း ဖူးမြော်နိုင်ပါတယ်။


အရမ်းလှတဲ့ ကျုံထော်ရေတံခွန်မှာ ရေကစားပြီး ချစ်သူမြိုင်ပန်းခြံနဲ့ လွန်းညရေပြာအိုင်တို့လည်း သွားလည်နိုင်ပါတယ်နော်။


With Love,
Ma Nu Myat