ကမ္ဘာ့မြောက်ဘက်အကျဆုံးမြို့တော် ရေခါဗစ်(ခ်)

ကမ္ဘာ့မြောက်ဘက်အကျဆုံးမြို့တော် ရေခါဗစ်(ခ်)


အိုက်စလန်နိုင်ငံသည် မီးတောင်ရှင်များ၊ ရေခဲမြစ်များ၊ ရေပူစမ်းများနှင့် မြေမျက်နှာသွင်ပြင် ဆန်းကျယ်လှသည်။ အိုက်စလန်နိုင်ငံ၏ မြို့တော်မှာ ရေခါဗစ်(ခ်) (Reykjavik) မြို့ဖြစ်ပြီး ကမ္ဘာ့မြောက်ဘက်အကျဆုံး မြို့တော်ဖြစ်သည်။ အာတိတ်စက်ဝိုင်းအောက် လတ္တီကျု ၂ ဒီဂရီသာ ရောက်သောကြောင့် ဆောင်းတွင် နေ့တာတိုပြီး နွေတွင် နေ့တာရှည်လျားလှသည်။ ဆောင်းတွင်းတွင် နေရောင်ခြည် လေးနာရီလောက်သာ ရပေမဲ့ နွေရာသီတွင်တော့ ၂၁ နာရီလောက်ထိ ရနေတတ်ပါသည်။


ရေခါဗစ်(ခ်)သည် မြို့တော်ဖြစ်သော်ငြား လူပေါင်း ၁သိန်း ၂သောင်းကျော်သာနေထိုင်သည့် မြို့ငယ်လေးဖြစ်သည်။ အိုက်စလန်နိုင်ငံတွင် လူဦးရေနည်းပါးပြီး တစ်နိုင်ငံလုံးမှာ လူဦးရေ ၃သိန်းခွဲကျော်သာရှိသဖြင့် မြို့တော်နေလူဦးရေမှာနည်းသော်လည်း တစ်နိုင်ငံလုံး၏ သုံးပုံတစ်ပုံရှိနေပါသည်။ ရေခါဗစ်(ခ်)သည် ရိုးရာယဉ်ကျေးမှုနှင့် ယဉ်ကျေးမှုပေါင်းစုံသောမြို့ဖြစ်သည်။ အခြားမြို့ပြများကဲ့သို့ပင် ရေခါဗစ်(ခ်)မြို့သို့ ကမ္ဘာအနှံ့မှလူများ လာရောက်နေထိုင်လုပ်ကိုင်ကြပြီး လူမျိုးစု ၁၃၁ စုရှိကာ မြို့နေလူဦးရေ၏ ၈.၅% ရှိသည်။


အိုက်စလန်က လူဦးရေနှင့်ယှဉ်လျှင် စာအုပ်အများဆုံးထွက်ရှိရာ နိုင်ငံဖြစ်ပြီး နိုင်ငံသားဆယ်ယောက်မှာ တစ်ယောက်လောက်က ဘဝတစ်သက်တာမှာ စာအုပ်တစ်အုပ်လောက်တော့ ရေးသားထုတ်ဝေဖူးကြသည်။ ထို့ကြောင့် မြို့တော် ရေခါဗစ်(ခ်)ကို စာပေမြို့အဖြစ် ယူနက်စကိုက အသိအမှတ်ပြုခဲ့ခြင်းဖြစ်သည်။ ထိုသို့အသိအမှတ်ပြုခံရသည်မှာ အင်္ဂလိပ်ဘာသာစကား မပြောသည့်နိုင်ငံများအနက် ပထမဆုံးဖြစ်သည်။


ရေခါဗစ်(ခ်) (Reykjavik) ဆိုသည့်အမည်မှာ “မီးခိုးအူသော ပင်လယ်အော်”ဟု အဓိပ္ပါယ်ရသည်။ ရေပူစမ်းများက ထွက်သည့် အငွေ့များကြောင့် ထိုအမည်တွင်ခဲ့ခြင်းဖြစ်မည်။ မြို့နှင့် ၃၁ မိုင်အကွာရှိ ရေပြာအိုင် (Blue Lagoon)က ခရီးသည်များအကြား ပေါ်ပြူလာဖြစ်ကာ ရေပူစမ်းစိမ်ရန် သွားလေ့ရှိကြပါသည်။


ရေခါဗစ်(ခ်)သည် ကမ္ဘာပေါ်တွင် သဘာဝပတ်ဝန်းကျင် အထိန်းသိမ်းဆုံးမြို့တစ်မြို့ဖြစ်သည်။ အိုက်စလန်၏ စွမ်းအင်လိုအပ်ချက်၏ ၈၅% ကို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အရင်းအမြစ်များဖြစ်သည့် ဘူမိအပူစွမ်းအင် (၆၅%) နှင့်ရေအားလျှပ်စစ် (၂၀%) တို့မှ ရရှိသည်။


ရေခါဗစ်(ခ်)မြို့ကို ကြောင်များ၏မြို့တော်ဟုလည်း သိကြပါသည်။ အဘယ်ကြောင့်ဆိုသော် ၁၉၂၄ ခုနှစ်မှ ၁၉၈၄ ခုနှစ်ထိ နှစ် ၆၀ ကာလအတွင်း မြို့တွင်ခွေးများကိုပိတ်ပင်တားမြစ်ထားပြီး ၂၀၀၆ ခုနှစ်အထိ ပိတ်ပင်မှုကို လုံးဝမရုပ်သိမ်းသေးပါ။ ခွေးများကို ပိတ်ပင်တားမြစ်ထားသဖြင့် ကြောင်များကိုသာ မွေးမြူခဲ့ကြပြီး မြို့တွင်းကြောင်များစွာ ရှိလို့နေခြင်းဖြစ်သည်။
ရေခါဗစ်(ခ်)မြို့ကို ပက်ဖင်းငှက်များ၏မြို့တော်ဟုလည်း သိကြသည်။ အိုက်စလန်သည် အတ္တလန္တိတ်ပင်လယ်ပျော်ငှက် ပက်ဖင်းငှက်မျိုး၏ အကြီးမားဆုံးနှင့် အရေးအပါဆုံး အသိုက်နေရာ တစ်ခုဖြစ်ကာ ထိုငှက်အားလုံး၏ ခန့်မှန်းခြေ ၆၀% မှာ အိုက်စလန်တွင်နေထိုင်ကြသည်။ အထူးသဖြင့် ရေခါဗစ်(ခ်)မြို့ရှိ Faxafloi ပင်လယ်အော်တွင် အများဆုံးနေထိုင်လေ့ရှိကြသည်။ ထိုငှက်များသည် မြို့တော်သို့ ကမ္ဘာလှည့်ခရီးသည်များလာရောက်ရာ အဓိကဆွဲဆောင်မှုတစ်ခုဖြစ်သည်။


ရေခါဗစ်(ခ်)မြို့ရှိ အထင်ရှားဆုံးအဆောက်အအုံမှာ အမြင့်ပေ ၂၄၀ ပေရှိ Hallgrimskirkja ဘုရားကျောင်းဖြစ်သည်။ မီးတောင်မှထွက်သည့် ချော်ခဲတိုင်များကဲ့သို့ဆောက်ထားသည့် ထိုဘုရားကျောင်းကို ၄၁ နှစ်ကြာတည်ဆောက်ခဲ့ရပြီး ၁၉၈၆ ခုနှစ်တွင် ဖွင့်လှစ်နိုင်ခဲ့ပါသည်။ မြို့တွင်း အမြင့်ဆုံး အဆောက်အအုံဖြစ်ကာ တစ်နိုင်ငံလုံးတွင် ဒုတိယအမြင့်ဆုံးဖြစ်သည်။
မြို့ရှိ အခြားထင်ရှားသည့်အဆောက်အအုံဖြစ်သည့် Perlan သည် အပူချိန် ၁၈၅ ဒီဂရီဖာရင်ဟိုက်ရှိ ရေဂါလံသန်းတစ်သန်းကျော်ကိုယ်စီ သိုလောင်ထားသည့် ရေလှောင်ကန် ၆ခု ပေါ်ရှိ အမိုးခုံး အဆောက်အအုံဖြစ်သည်။ ထိုရေကန်များသည် မြို့အတွက် ရေထောက်ပံ့ပေးပြီး Perlan အမိုးခုံးပေါ်တွင် လည်နေသည့် မှန်များဖြင့်သာကားထားသည့် စားသောက်ဆိုင်တစ်ခုရှိကာ မြို့တော်၏ မြင်ကွင်းကျယ်ကို ရှုစားနိုင်ပါသည်။ အဆောက်အအုံထဲတွင် အိုက်စလန်အကြောင်းကောင်းစွာ လေ့လာနိုင်မည့်ပြတိုက်ရှိသလို လူလုပ်ရေခဲလှိုဏ်ဂူထဲသို့လည်း ဝင်ရောက်နိုင်ပါသည်။


မြို့ရှိအခြားထင်ရှားသော နေရာများမှာ Sun Voyager ရုပ်တု၊ ဂီတပွဲများကျင်းပရာ Harpa ခန်းမ အဆောက်အအုံ၊ ဆိပ်ကမ်းဟောင်း၊ အိုက်စလန်အမျိုးသားပြတိုက်၊ ရိုးရာအဆောက်အအုံများလေ့လာနိုင်သည့် Árbæjarsafn လဟာပြင်ပြတိုက်၊ ရေခါဗစ်(ခ်)ရေကြောင်းပြတိုက်၊ အိုက်စလန်သမိုင်းလေ့လာနိုင်သည့် Saga ပြတိုက်၊ အိုက်စလန်ဝေလငါးများပြတိုက်၊ Videy ကျွန်းငယ်၊ Tjörnin ရေအိုင်ပတ်လည်ရှိ အဆောက်အအုံများ၊ Nauthólsvík ရေပူစမ်းစိမ်ကမ်းခြေ၊ Bruarfoss ရေတံခွန်၊ Grotta မီးပြတိုက်တို့ ဖြစ်ကြသည်။


ထို့ပြင်မြို့မှတစ်ဆင့် သွားရောက်နိုင်သည့် ဥတ္တရအလင်းတန်းကြည့်ခရီးစဉ်၊ Golden Circle နေ့ချင်းပြန်ခရီးစဉ်၊ ဝေလငါးကြည့်ခရီးစဉ်၊ ပက်ဖင်းငှက်ကြည့်ခရီးစဉ်တို့ကိုလည်း သွားရောက်နိုင်ပါသည်။

ဒေါက်တာနုမြတ်သိင်္ဂီဦး

One thought on “ကမ္ဘာ့မြောက်ဘက်အကျဆုံးမြို့တော် ရေခါဗစ်(ခ်)

  1. Thanks 👍

    သောကြာနေ့၊ 2022 ခုနှစ် မတ်လ 25 ရက် 2:37 နံနက် တွင် NU MYAT AROUND THE WORLD
    က ရေးခဲ့သည်−

    > Nu Myat posted: ” ကမ္ဘာ့မြောက်ဘက်အကျဆုံးမြို့တော် ရေခါဗစ်(ခ်)
    > အိုက်စလန်နိုင်ငံသည် မီးတောင်ရှင်များ၊ ရေခဲမြစ်များ၊ ရေပူစမ်းများနှင့်
    > မြေမျက်နှာသွင်ပြင် ဆန်းကျယ်လှသည်။ အိုက်စလန်နိုင်ငံ၏ မြို့တော်မှာ
    > ရေခါဗစ်(ခ်) (Reykjavik) မြို့ဖြစ်ပြီး ကမ္ဘာ့မြောက်ဘက်အကျဆုံး”
    >

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s