ဧရာဝတီမြစ်ဆုံဆီသို့

မြစ်ဆုံ တဲ့
❤️မေခနဲ့မေလိခဆုံတဲ့ နေရာလေး
❤️မြန်မာပြည်ရဲ့ အသက်သွေးကြော မိခင် ဧရာဝတီမြစ်ကြီး မွေးဖွားသန့်စင်ရာ နေရာလေး
❤️သဘာဝအလှတရားတွေ ပေါင်းစပ်ပြီး လှချင်တိုင်းလှနေတဲ့နေရာလေး
❤️” မေခနဲ့ မလိခဆုံတဲ့ ကမ်းနဘေးဝယ် အသည်းချင်းယှဉ်လျှက်တို့နှစ်ယောက်ချစ်ကမ္ဘာဝယ်” ဆိုတဲ့ ငယ်ငယ်ကကြားဖူးတဲ့ ပိုးဒါလီသိန်းတန် သီချင်းထဲက နေရာလေး
အဲ့နေရာလေးကို ၂၀၁၈ခုနှစ် နှစ်သစ်ရဲ့ ပထမဆုံးနေ့လေးမှာ သွားရောက်ခဲ့ရတယ်။ တကယ်အမှတ်တရပါပဲ။ Tango ရဲ့ မြစ်ကြီးနား-ပန်ဝါ-ထိန်ချုံး ခရီးစဉ်နဲ့အတူ ရောက်ဖြစ်ခဲ့တာပါ။


မြစ်ကြီးနားကနေ သွားကြမယ်

မြစ်ဆုံက ကချင်ပြည်နယ်ရဲ့မြို့တော် မြစ်ကြီးနားမြို့မြောက်ဘက် ၂၈မိုင်အကွာမှာ ရှိပြီး ကားနဲ့ဆို မြစ်ကြီးနားကနေ ၁နာရီကျော်လောက်မောင်းရပါတယ်။ ကားလမ်းကတော့ ဖြူးနေတာပဲ။ ကားလမ်းတလျှောက် ရွာတချို့နဲ့ မြစ်ဆုံစီမံကိန်းဝင်းကိုလည်း ကျော်ဖြတ်လာခဲ့ကြတယ်။ မြစ်ဆုံနေရာရောက်တဲ့အခါမှာ မြစ်ဆုံဆိုင်းဘုတ်နဲ့ အတူ စေတီတော်တစ်ဆူကိုလည်းလှမ်းဖူးမြော်ရပါတယ်။ ကားပါကင်ကနေတောင် မြစ်ဆုံကို အပေါ်စီးက လှမ်းမြင်ရတယ်။ တွေ့ရတဲ့မြင်ကွင်းက သိပ်လှတာပဲ။ မြစ်နှစ်ခုဆုံတဲ့ ကမ်းစပ်လေး မှာ ကျောက်စရစ်ခဲတွေအပြည့်။ ကျောက်စရစ်တွေပေါ် လူတွေကတော့ ဟိုတစ်စု ဒီတစ်စုနဲ့။ ကချင်ဝတ်စုံကိုယ်စီနဲ့ပေါ့လေ။


ကချင်ရိုးရာဝတ်စုံ
ကချင်ရိုးရာဝတ်စုံတွေကို မြစ်ဆုံကမ်းဘေးက စားသောက်ဆိုင်တန်းတွေမှာတင် ငှားရမ်းဝတ်ဆင်နိုင်ပါတယ်။ ငှားရမ်းခက တစ်စုံကို ၃၀၀၀ကျပ် ပဲပေးရတယ်။ သူတို့ဆီက ဓာတ်ပုံဆရာပါခေါ်ရိုက်မယ်ဆိုရင် ၂၀၀၀ ပဲပေးရတယ်။ ဝတ်စုံကို ဝတ်စုံပြည့် ငွေမောင်းတပ်ကတ္တီအ်အင်္ကျီအနက်ရောင်၊ ကချင်စကတ်တို့အပြင် ခါးကွင်း၊ ခေါင်းပေါင်း၊ ပလိုင်း၊ ဆွဲကြိုး အစုံအလင်ဆင်ပေးပါတယ်။ ကချင်စကတ်မှာ စကတ်အတို၊အရှည်၊ အလတ် အမျိုးမျိုးရှိတယ်။ နုမြတ်တို့က လူကများတော့ ရရာဆွဲဝတ်လိုက်တာ စကတ်လေးက နည်းနည်းတိုသွားတယ်။ နုမြတ်မေမေကတော့ စကတ်အရှည်လေးနဲ့။ ကချင်မကြီးနဲ့ ကချင်မလေး လှမှလှရယ်ပေါ့။ အဲ့မှာ ကိုယ်တွေဝတ်တဲ့ ဝတ်စုံအပြင် ဂါဝန်ကားကားလေးနဲ့ ချစ်စရာကောင်းတဲ့ လီဆူဝတ်စုံလည်းရှိပါတယ်။ ဘေဘီလေးတွေ ပဲများဖို့အတွက်လည်း မပူနဲ့။ ကလေးအရွယ် ကချင်ဝတ်စုံလေးတွေလည်း ရှိပါတယ်။


ဝတ်စုံဝတ်ရိုက်မယ်ဆိုရင်တော့ လူများရင်များသလို စောင့်ရပါတယ်။ ကိုယ်တွေတုန်းက လူများလို့ အော်ဒါအရင်မှာ စက်လှေအရင်စီးပြီး စောင့်လိုက်ရတယ်။ ပြီးတော့ ကိုယ့်ရှေ့ကလူတွေ ချွတ်တာနဲ့ တန်းဝတ်ရတာပါ။ ကိုယ်ကအသန့်ကြိုက်တယ်ဆိုရင်၊ ဒီထက်ပိုပြီးလှပသပ်ရပ်တဲ့ ဝတ်စုံပြည့်ဝတ်ချင်ရင် မြို့ထဲက ဆိုင်တွေမှာ တိုးဂိုက်ကို မေးပြီး ဌားလို့လည်းရပါတယ်။ ဌားခကတော့ ၁၅၀၀၀ လောက်ရှိတော့ မြစ်ဆုံကဆိုင်တွေမှာ ဌားတာထက် ၅ဆလောက်ပိုများပါမယ်။


သဘာဝပန်းချီကားချပ်

တစ်ဖက်မှာ မြစ်သုံးစင်းလုံးကို လှမ်းမြင်ရတဲ့ မြစ်ဆုံ၊ တစ်ဖက်မှာတော့ စိမ်းညှို့အုံ့မှိုင်းနေတဲ့တောင်တန်းတွေနဲ့ ရှုမျှော်ခင်း၊ အထက်မှာ ပြာလဲ့လဲ့မိုးကောင်းကင်၊ အောက်မှာတော့ ကျောက်စရစ်ကော်ဇောတွေခင်းထားတဲ့ သဘာဝရုပ်လုံးကြွ ပန်းချီကားချပ်ထဲ ဂျိန်းဖောတို့တတွေ ဓာတ်ပုံရိုက်မဆုံးဖြစ်နေကြတော့တာပေါ့။ မြစ်ဆုံရဲ့ ရေလေးတွေကလည်း ကြည်စိမ့်နေတာ။ မြစ်အောက်ကြမ်းပြင်တောင် လှမ်းမြင်ရတယ်။ ရေထဲ လက်နဲ့ ကိုင်ကြည့်လိုက်တော့ အေးစိမ့်နေတာပဲရော။ အင်းပေါ့လေ ရေခဲတောင်တွေကနေ စီးဆင်းလာတဲ့ ရေတွေပဲ။ ဒီလောက်တော့ အေးပေလိမ့်မပေါ့။


ဘယ်လိ ညာခ၊ မိနဲ့ဘ

“ဘယ်လိ-ညာခ”တဲ့ ဘယ်ဘက်ကနေ စီးဆင်းလာတာက မလိခဖြစ်ပြီး ညာဘက်ကနေ စီးဆင်းလာတာကတော့ မေခပါ။ အကယ်လို့များ မေခနဲ့ မလိခကသာ ဧရာဝတီရဲ့ မိဘ၂ပါးလို့ တင်စားမယ်ဆိုရင် မေခက ဖခင်၊ မလိခက မိခင်ဖြစ်လောက်တယ်။ ဘာကြောင့်လည်းဆိုတော့ မေခက ပိုကြမ်းပိုရမ်း ပိုရေစီးသန်တာကြောင့်ပါ။ မြန်မာနိုင်ငံမြောက်ဖျားက ဟိမဝန္တာရေခဲတောင်တန်းတွေကနေ တောင်စဉ်အသွယ်သွယ်ကျော်ဖြတ်ပြီး စီးဆင်းလာရတာခြင်းအတူတူ မေခမြစ်လေးက ပိုပြီး ရေစီးသန်ပါတယ်။ ဒါပေမဲ့ မြစ်ကြောင်း၂ခုပေါင်းဆုံရာ မြစ်ဆုံကနေစပြီး ဧရာဝတီမြစ်အဖြစ် တည်တည်ငြိမ်ငြိမ်လေး စီးဆင်းနေပါတော့တယ်။ နောက်ပိုင်းကျတော့ အဓိက ရေဝေမြစ်သုံးစီးဖြစ်တဲ့ ချင်းတွင်း၊ ရွှေလီနှင့် မြစ်ငယ်မြစ်တို့အပါအဝင် မြစ်လက်တက်တွေစီးဝင်တာကြောင့် အရှိန်အဟုန်ပြင်းလာတာပါ။


ဧရာဝတီ

ဧရာဝတီမြစ်က မြစ်စမြစ်ဆုံး မြန်မာနိုင်ငံတွင်းမှာပဲ စီးဆင်းလို့ ကိုယ်တွေချည်းပဲ သီးသန့်ပိုင်တဲ့ မြစ်ကြီးပါ။ မြန်မာနိုင်ငံရဲ့ အကြီးဆုံးမြစ်၊ အရှည်ဆုံးမြစ်ဖြစ်သလို အသက်သွေးကြောသဖွယ် တိုင်းပြည်ရဲ့အရေးအကြီးဆုံး ကူးသန်းရောင်းဝယ်ရေး ရေကြောင်းလမ်းလည်းပဲဖြစ်ပါတယ်။ နှင်းဖုံးတောင်လေးတွေကနေမြစ်ဖျားခံလာတဲ့ မြစ်လေး နှစ်စင်း ဆုံစည်းရာကနေ ဧရာဝတီမြစ်ကြီးက မြန်မာနိုင်ငံခလယ်ကနေ မြောက်မှတောင် မိုင်ပေါင်း ၁၃၀၀ ကျော်တိုင်တိုင် အားမာန်အပြည့်စီးဆင်းလာကာ နောက်ဆုံးမှာ အက်ဒမန်ပင်လယ်ထဲ စီးဝင်သွားတာ အံံအားသင့်စရာပါ။ ရာဇဝင်များရဲ့ သတို့သမီး ဧရာဝတီမြစ်ကြီး စတင်ဖြစ်ပေါ်ရာ မြစ်ဆုံနေရာလေးကို နှစ်သစ်ရဲ့ ပထမဆုံးနေ့လေးမှာ ရောက်ဖူးလိုက်ရတာ သိပ်ကျေနပ်မိပါတယ်။


၂၀၁၈ နှစ်သစ်မှာ Tango Travels & Tour -Myanmar နဲ့အတူ သွားခဲ့တဲ့ မြစ်ကြီးနား-ပန်ဝါ-ထိန်ချုံးခရီးစဉ် အကြောင်းမရေးခင် မြစ်ဆုံကပုံလေးတွေ လှလို့၊ ရိုက်ထားတာလည်း အများကြီးမို့လို့ မြစ်ဆုံကို ပို့စ်တစ်ခု သက်သက်ခွဲတင်လိုက်တာပါ။ မြစ်ဆုံအပြင် နှင်းတွေဖုံးလို့ နာမည်ကြီးလာတဲ့ တရုတ်နယ်စပ် ကချင်မြို့လေး ပန်ဝါနဲ့ လည်ပတ်စရာနေရာတွေ အများကြီးရှိတဲ့ ကချင်နယ်စပ် တရုတ်မြို့လေး ထိန်ချုံကိုပါ သွားလည်ခဲ့ပါသေးတယ်။ အဲ့ခရီးစဉ်အရှည်ကိုလည်း သေချာရေးပြီး အတွေ့အကြုံတွေ ဝေမျှပါဦးမယ်။


ချစ်တဲ့
နုမြတ်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s