ကျွန်းတွေပေါ်က ဆွီဒင်မြို့တော် စတော့ဟုမ်း

ဆွီဒင်နိုင်ငံရဲ့မြို့တော် စတော့ဟုမ်း (Stockholm) က ဆွီဒင်နိုင်ငံအရှေ့တောင်ပိုင်း ဘော်လ်တစ်ပင်လယ်နဲ့ မာလာရန်ရေအိုင် ဆုံတဲ့နေရာမှာရှိပါတယ်။ စတော့ဟုမ်းက ကျွန်းကြီး (၁၄)ကျွန်းပေါ်တည်ဆောက်ထားတဲ့မြို့ကြီးဖြစ်ပြီး တစ်ကျွန်းနဲ့တစ်ကျွန်းကို တံတားပေါင်း ၅၇ စင်းက ဆက်သွယ်ထားပါတယ်။ ဘယ်နေရာကမဆိုရေတွေ လှမ်းမြင်နိုင်ပါတယ်။ ဒါကြောင့်လည်း စတော့ဟုမ်းကို ရေပေါ်အလှတရား (Beauty on Water) လို့ တင်စားခေါ်ဝေါ်ကြတာပါ။ မြို့ထဲမှာ ကမ်းခြေပေါင်း ၉၆ခုရှိပါတယ်။

စတော့ဟုမ်းမြို့တည်ရှိရာနေရာမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆သန်းကျော် ကျောက်ခေတ်ထဲက လူတွေအခြေချနေထိုင်ခဲ့ပြီး ၁၂၅၂ခုနှစ်ရောက် မြို့စတည်ခဲ့ပါတယ်။ စတော့ဟုမ်းဆိုတဲ့အမည်က စတော့ဆိုတာ သစ်လုံး၊ ဟုမ်းဆိုတာ ကျွန်းလေးဆိုတော့ “သစ်လုံးကျွန်းလေး”လို့ အဓိပာယ်ရပါတယ်။ တစ်ချိန်က သစ်လုံးကျွန်းလေးဟာ အခုအခါမှာတော့ ဆွီဒင်နိုင်ငံရဲ့ အဖက်ဖက်က အချက်အချာကြတဲ့ မြို့တော်ကြီးဖြစ်လို့နေပါပြီ။



စတော့ဟုမ်းက ၇၃ စတုရန်းမိုင်ကျယ်ပြီး လူဦးရေ တစ်သန်းခန့်ရှိကာ ဆွီဒင်နိုင်ငံမှာရော ဥရောပမြောက်ပိုင်း နိုင်ငံတွေမှာပါ လူဦးရေ အထူထပ်ဆုံးမြို့ပဲဖြစ်ပါတယ်။ ဥရောပမြောက်ပိုင်းနိုင်ငံတစ်ခုဖြစ်တော့ ဆောင်းရာသီမှာ နေ့တာတိုပြီး နွေမှာနေ့တာရှည်ပါတယ်။ ဆောင်းမှာတစ်နေ့မှ နေရောင်ကို ၆နာရီလောက်သာမြင်ရပေမဲ့ နွေရာသီမှာတော့ နေရောင်က ၁၈နာရီလောက်ရလေ့ရှိပါတယ်။

စတော့ဟုမ်းမှာ ယူနက်စကိုက အသိအမှတ်ပြုထားတဲ့ ကမ္ဘာ့အမွေအနှစ် နေရာ ၃နေရာတောင်ရှိပါတယ်။ Drottningholm က တော်ဝင်နန်းတော်၊ Woodland သင်္ချိုင်းနဲ့ Birka ရှေးဟောင်းသုတေသနနေရာတွေပဲ ဖြစ်ပါတယ်။ မြို့ထဲမှာ ဂမ်မလာစတန်း(Gamla Stan) လို့ခေါ်တဲ့ မြို့ဟောင်းနေရာရှိပြီး ဥရောပမှာ ထိန်းသိမ်းမှုအကောင်းဆုံး သမိုင်းဝင်ရပ်ကွက်တစ်ခုဖြစ်ပါတယ်။ ခရီးသွားတွေ အလာများပြီး မြို့ထဲကကျောက်ခင်းလမ်းတွေပေါ်ကို ကားတွေပေးမဝင်ပါဘူး။ မြို့ဟောင်းထဲမှာ ကျောက်တုံးလေးတွေခင်းထားတဲ့ လမ်းကြားလေးတွေ အများကြီး ရှိပေမဲ့ အကျဉ်းဆုံးလမ်းလေးဆို ၉၀စင်တီမီတာလောက်သာ အကျယ်ရှိပါတယ်။ လမ်းလေးကတိုပြီးမတ်လို့တောင်စောင်းလေးလိုဖြစ်နေပါတယ်။


မြို့ထဲမှာတည်ရှိနေတဲ့ စတော့ဟုမ်း တော်ဝင်အမျိုးသားမြို့တော်ပန်းခြံဟာ ကမ္ဘာ့ပထမဆုံး တော်ဝင်အမျိုးသားပန်းခြံဖြစ်ပြီး ပန်းခြံထဲ နန်းတော်လေးခု၊ ပြတိုက်တွေနဲ့ စတော့ဟုမ်းတက္ကသိုလ်ရှိပါတယ်။ မြို့ဟောင်းထဲက တော်ဝင်နန်းတော်ကလည်း အထပ်(၇)ထပ်မှာ ခန်းပေါင်း ၆၀၀ ကျော်ရှိလို့ အခုလက်ရှိ နန်းတော်အဖြစ်အသုံးပြုနေဆဲ နန်းတော်တွေထဲမှာ အကြီးဆုံးပါ။


ကမ္ဘာ့အကြီးဆုံး စက်လုံးခြမ်းအဆောက်အအုံလည်းရှိပါတယ်။ Ericsson Globe လို့အမည်ရကာ အချင်း ၃၆၀ပေ အတွင်းအမြင့် ၂၇၈ပေမြင့်ကာ စတော့ဟုမ်းမြို့ရဲ့ ဘယ်နေရာကမဆို လှမ်းမြင်နိုင်ပါတယ်။
စတော့ဟုမ်းမှာ ၁၉၀၁ခုနှစ်ကတည်းက နိုဘယ်ဆုချီးမြှင့်ပွဲကို စတော့ဟုမ်းမြို့တော်ခန်းမနဲ့ ဖျော်ဖြေရေးခန်းမတို့မှာ နှစ်စဉ်ကျင်းပလေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုဘယ်လ်ဆုကို စတင်ပေးခဲ့တဲ့ လူက ဆွီဒင်လူမျိုး အဲဖရက်နိုဘယ်လ် ဖြစ်တာကြောင့်ပါ။ ရူပ၊ ဓာတု၊ ဆေးဝါးနဲ့ စာပေဆိုင်ရာနိုဘယ်လ်ဆုပေးအပ်ချီးမြှင့်ပွဲကို စတော့ဟုမ်းမှာကျင်းပပြီး နိုဘယ်လ်ငြိမ်းချမ်းရေးဆုကိုတော့ နော်ဝေနိုင်ငံမြို့တော် အိုစလိုမှာ ကျင်းပလေ့ရှိပါတယ်။


မြို့ထဲမှာ ပြတိုက် ၁၀၀ နီးပါးရှိပြီး နာမည်အကြီးဆုံးကတော့ ဗာဆာပြတိုက်ကြီးပဲဖြစ်ပါတယ်။ ကမ္ဘာကျော်အဆိုတော်အဖွဲ့ Abba ရဲ့ ပြတိုက်လည်းရှိပြီး ၁၈၉၁ခုနှစ်က တည်ဆောက်ခဲ့တဲ့ Skansen အမည်ရှိ ကမ္ဘာ့ပထမဆုံး လဟာပြင်ပြတိုက်ကြီးလည်း ရှိပါတယ်။ ဆွီဒင်သမိုင်းမှာ နှစ်ပေါင်း ၅၀၀ ကျော် တည်ရှိခဲ့တဲ့ အဆောက်အအုံပေါင်း ၁၅၀ကျော်ရှိနေတဲ့နေရာပါ။

၁၉၅၀ခုနှစ်က တည်ဆောက်ခဲ့တဲ့ စတော့ဟုမ်းမြေအောက်ဘူတာရုံတွေကလည်း ဘူတာရုံအပြင်အဆင်တွေကြောင့်နာမည်ကျော်ပါတယ်။ ကမ္ဘာ့အရှည်ဆုံး အနုပညာပြခန်းလို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။
ဒီလို ထင်ရှားတဲ့ သမိုင်းဝင်နေရာတွေကြောင့် စတော့ဟုမ်းကို သွားရောက်လည်ပတ်သူတွေ များပြားလျက်ရှိပြီး တစ်နှစ်ကို ပျမ်းမျှခရီးသည်ပေါင်း ၂၆.၅သန်းကျော် ဝင်ရောက်လေ့ရှိတယ်လို့ သိရပါတယ်။

ကျေးဇူး
LikeLike