ဥရောပ ကမ်းခြေနိုင်ငံလေး မွန်တီနီဂရိုး Montenegro

ဥရောပ ကမ်းခြေနိုင်ငံလေး

မွန်တီနီဂရိုး Montenegro

Dr. Nu Myat Theingi Oo


မွန်တီနီဂရိုးဆိုတာ ဥရောပတောင်ပိုင်းနဲ့ အရှေ့တောင်ပိုင်းမှာရှိတဲ့ ဘော်လ်ကန်ကျွန်းဆွယ်ရှိ နိုင်ငံငယ်လေးတစ်ခုပဲဖြစ်ပါတယ်။ မြောက်ဘက်မှာ ခရိုအေးရှား၊ ဘော့စနီးယားနဲ့ ဟာဇီဂိုဗီနားနိုင်ငံ၊ အနောက်မြောက်ဘက်မှာ ဆာဘီးယားနိုင်ငံ၊ အရှေ့ဘက်မှာ ကိုဆိုဗိုနိုင်ငံ၊ တောင်ဘက်မှာ အယ်လ်ဘီးနီးယားနိုင်ငံနဲ့ အနောက်ဘက်မှာ အဒရီယယ်တစ်ပင်လယ်တို့နဲ့ နယ်နိမိတ်ချင်းထိစပ်နေပါတယ်။ မွန်တီနီဂရိုးက ၁၅ရာစုကတည်းက တည်ရှိခဲ့တဲ့ နိုင်ငံဖြစ်ပေမဲ့ ပထမကမ္ဘာစစ်အပြီး Kingdom of Serbs, Croats, and Slovenes အဖြစ်ပေါင်းစည်းခံလိုက်ရပြီး နောက်ပိုင်း ၁၉၂၉ခုနှစ်မှာ ယူဂိုစလားဗီးယားဘုရင့်နိုင်ငံအဖြစ် ပြောင်းခဲ့ပါတယ်။ ယူဂိုစလားဗီးယားနိုင်ငံကနေ ၂၀၀၆ ခုနှစ်ကမှ ခွဲထွက်လာပြီး လွတ်လပ်တဲ့နိုင်ငံအဖြစ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခဲ့တာပါ။


မွန်တီနီဂရိုးက ပင်လယ်ကမ်းရိုးတန်းနိုင်ငံဖြစ်တဲ့အလျှောက် ကမ်းရိုးတန်းအရှည်က ၁၈၂မိုင် ရှည်ပြီး ကမ်းခြေပေါင်း ၁၁၇ခုတောင်ရှိလို့နေပါတယ်။ ကမ်းခြေတွေကို လမ်းတွေ၊ ဥမင်တွေ တံတားတွေနဲ့ဆက်ထားလို့ ကမ်းခြေတစ်ခုနဲ့တစ်ခုကိုလည်း လမ်းလျှောက်သွားလို့ရပါတယ်။ မွန်တီနီဂရိုးက နိုင်ငံလေးသေးပေမဲ့ သဘာဝသဲသောင်ရှိ ကမ္ဘာ့အရှည်ဆုံးကမ်းခြေက Ulcinj မြို့မှာရှိပြီး ၇မိုင်ခွဲရှည်ကာ Great Beach လို့ခေါ်ပါတယ်။ မွန်တီနီဂရိုးက ကမ်းခြေတွေအများကြီးနဲ့ နွေရာသီမှာသွားအပန်းဖြေကြတဲ့ ကမ်းခြေနိုင်ငံလေး ဖြစ်နေပေမဲ့ မွန်တီနီဂရိုးဆိုတဲ့နာမည်က နိုင်ငံအတွင်းက တောင်တွေကြောင့်ရလာတဲ့နာမည်ပါ။ အီတလီစကားနဲ့ဆိုရင် မွန်တီက တောင်၊ နီဂရိုးက အနက်ရောင်လို့ အဓိပါယ်ရလို့ မွန်တီနီဂရိုးဆိုတာ အနက်ရောင်တောင်လို့ အဓိပါယ်ရနေပါတယ်။


မွန်တီနီဂရိုးမှာ တောင်တွေ၊ ကမ်းခြေတွေရှိနေသလို သစ်တောတွေကလည်း နိုင်ငံရဲ့ ၄၀ရာခိုင်နှုန်းကျော်ကိုနေရာယူထားပါတယ်။ အပင်မျိုးစိတ်ပေါင်း ၂၈၃၃မျိုးရှိပြီး ၂၂မျိုးက မွန်တီနီဂရိုးတစ်နိုင်ငံထဲမှာပဲရှိတာတဲ့လေ။ မစ်ထရိုဗီကာမြို့မှာဆိုရင် နှစ်ပေါင်း၂၀၀၀ကျော်ကြာသက်တမ်းရှိတဲ့ ကမ္ဘာ့သက်တမ်းအရှည်ဆုံး သံလွင်ပင်ရှိပါတယ်။


မွန်တီနီဂရိုးရဲ့ နိုင်ငံအကျယ်က ၅၃၃၃ စတုရန်းမိုင်ပဲရှိပြီး လူဦးရေက ၆သိန်းကျော်ပဲရှိပါတယ်။ မြို့တော်က ပေါ့ဒ်ဂိုရီကာ (Podgorica) မြို့ဖြစ်ပြီး လူဦးရေ နှစ်သိန်းဝန်းကျင်ပဲရှိပါတယ်။ ဒီမြို့လေးက ဒုတိယကမ္ဘာစစ်မှာ အကြိမ်ပေါင်း ၉၀ကျော် ဗုံးကျဲခံခဲ့ရပေမဲ့ ကြံ့ကြံ့ခံနိုင်ခဲ့ပြီး ခုချိန်ထိမြို့တော်အဖြစ်ဆက်လက်တည်ရှိနေဆဲပါ။


မွန်တီနီဂရိုးရောက်ရင် ကမ္ဘာ့အလှဆုံးပင်လယ်အော်ထဲမှာပါတဲ့ ကိုတာပင်လယ်အော် တလျှောက်ရှိ မြို့တွေကို သွားလည်လို့ရပါတယ်။ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ခရိုအေးရှားနိုင်ငံ ဒူဘရိုနစ်ခ်မြို့ကနေ ကိုတာပင်လယ်အော်တလျှောက်ကို နေ့ချင်းပြန်သွားလည်နိုင်ပါတယ်။ နုမြတ်တို့လည်း မွန်တီနီဂရိုးရောက်တုန်း ပင်လယ်အော်တလျှောက်ရှိ မြို့ငါးမြို့ကို သွားလည်ခဲ့ကြပါတယ်။ ကိုတာပင်လယ်အော်က အက်ဒရီယယ်တစ်ကမ်းရိုးတန်းမှာ အကြီးဆုံးပင်လယ်အော်ပါ။ ဒီပင်လယ်အော်တလျှောက်ရှိ မြို့တွေအနက် ကိုတာမြို့က ပင်လယ်ပြာပြာတစ်ဖက် ကျောက်ဆောင်တွေတစ်ဖက်နဲ့ သိပ်ကိုလှတဲ့ အလယ်ပိုင်းခေတ်က ရှေးဟောင်းမြို့ကြီးပါ။ ခံတပ်ကြီးတွေနဲ့ ခံ့ညားလှတဲ့ ကိုတာမြို့လေးတစ်မြို့လုံးဟာ ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံထားရပါတယ်။ ဥရောပမှာရှေးအကျဆုံး ဘုရားကျောင်း Cathedral of St. Tryphon ကလည်း ကိုတာမြို့ဟောင်းထဲမှာရှိနေပါတယ်။ ဘရက်ပစ်ရဲ့ ပထမဆုံးရုပ်ရှင် Dark Side of the Sun က ကိုတာမြို့မှာ ရိုက်ကူးခဲ့တာပါ။ Budvaမြို့ကလည်း ခံတပ်ကြီးတွေဝိုင်းထားတဲ့ ရှေးဟောင်းကမ်းခြေမြို့လေးဖြစ်ပြီး ကမ္ဘာလှည့်ခရီးသည်တွေ အလာများဆုံးမြို့ပဲ ဖြစ်ပါတယ်။ မြို့သေးပေမဲ့ လှတဲ့ Perast မြို့လေးကလည်း ဗိသုကာလက်ရာတွေကြောင့် ထင်ရှားပါတယ်။


မွန်တီနီဂရိုးမှာ ကမ်းခြေအလှတွေ၊ ပင်လယ်ပြင်အလှတွေရှိသလို တောတောင်ရေမြေ သဘာဝအလှတွေလည်း ပိုင်ဆိုင်ထားပါတယ်။ စကာဒါ (Skadar)ဆိုတဲ့ ရေချိုရေကန်ကြီးကို အယ်လ်ဘေးနီးယားနိုင်ငံနဲ့ အတူတကွ ပိုင်ဆိုင်ထားကြကာ အမျိုးသားဥယျာဉ်ကြီးအဖြစ်တည်ရှိနေပါတယ်။ ဒီရေကန်ကြီးမှာ ငှက်မျိုးစိတ်ပေါင်း ၂၇၀ကျော်မှီတင်းနေထိုင်နေသလို ဆောင်းခိုငှက်တွေလည်း တထောက်နားခိုတတ်ကြလို့ ငှက်ကြည့်ဝါသနာရှင်တွေ အကြိုက်ပါ။ လူအသွားများတဲ့ တာရာ(tara)မြစ်ရဲ့ ချောက်ကမ်းပါးကြီးက ၁၃၀၀မီတာအနက်ရှိပြီး ဥရောပမှာ အနက်ဆုံးဖြစ်ကာ ကမ္ဘာမှာ အမေရိကန်က Grand Canyon ပြီးရင် ဒုတိယအနက်ဆုံးပါ။ အဲ့ ချောက်ကမ်းပါးနှစ်ခုကိုဆက်ထားတဲ့ တံတားကလည်း ဥရောပမှာ ယာဉ်ဖြတ်သန်းနိုင်တဲ့ အမြင့်ဆုံးတံတားဖြစ်လို့နေပါတယ်။ ဧည့်သည်တွေက Black ရေကန်ကိုလည်း သွားလည်လေ့ရှိကြပါတယ်။


မွန်တီနီဂရိုးကို သွားလည်ဖို့အကောင်းဆုံးအချိန်က ရာသီဥတုသာယာပြီး နေသာတဲ့ မေလအစကနေ အောက်တိုဘာလကုန်အထိပါ။ ကမ္ဘာလှည့်ခရီးသည်တွေ တစ်နှစ်ကို ၁.၅သန်းလာလည်ကြတယ်လို့ သိရပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s