ပုံပြင်ထဲရောက်သွားသလို ခံစားခဲ့ရသော Estonia မြို့တော် Tallinn မြို့ဟောင်းကြီး

ပုံပြင်ထဲရောက်သွားသလို ခံစားခဲ့ရသော

Estonia မြို့တော် Tallinn မြို့ဟောင်းကြီး


ဒေါက်တာနုမြတ်သိင်္ဂီဦး

ဥရောပတိုက်မြောက်ပိုင်းမှာရှိတဲ့ အက်(စ်)တိုးနီးယား(Estonia) နိုင်ငံဟာ ဆိုဗီယက်ယူနီယံကနေကွဲထွက်လာတဲ့နိုင်ငံဖြစ်ပြီး ကုန်းမြေမကြီးအပြင် ဘယ်(လ်)တစ်ပင်လယ်(Baltic Sea) ထဲမှာလည်း နိုင်ငံပိုင်ကျွန်းတွေရှိနေပါတယ်။ မြောက်ဘက်မှာ ဖင်လန်၊ အနောက်ဘက်မှာ ဆွီဒင်၊ တောင်ဘက်မှာ လက်(သ်)ဗီးယားနဲ့ အရှေ့ဘက်မှာ ရုရှားနိုင်ငံတို့နဲ့ နယ်နိမိတ်ချင်းထိစပ်နေပါတယ်။ အက်(စ်)တိုးနီးယားနိုင်ငံရဲ့ မြို့တော်နဲ့ အကြီးဆုံးမြို့ တယ်လင်း(Tallinn)က နိုင်ငံရဲ့ အနောက်မြောက်ပိုင်းမှာရှိပြီး ဘယ်(လ်)တစ်ပင်လယ်ပေါ်မေးတင်နေတဲ့ ကမ်းခြေမြို့ဖြစ်တာကြောင့် နွေရာသီဆိုရင် ကမ်းခြေတွေမှာ အနားယူအပန်းဖြေသူတွေနဲ့ စည်ကားနေပါတယ်။ ဆောင်းတွင်းမှာဆိုရင်လည်း နှင်းတွေဖုံးနေတဲ့ ရှေးဟောင်းအဆောက်အအုံလေးတွေနဲ့ မြို့ဟောင်းကြီးက ပုံပြင်တွေထဲ ရောက်နေသလို ခံစားစေရမှာပါ။


စာရေးသူတို့ ဇန်နဝါရီလတုန်းက တယ်(လ်)လင်းမြို့ကိုသွားရောက်ကာ မြို့ရဲ့ ဆောင်းရာသီအလှကို ခံစားခဲ့ပါတယ်။ ဖင်လန်နိုင်ငံ(Finland) သွားလည်ရင်းနဲ့ ဖင်လန်ကနေ အက်(စ်)တိုးနီးယား(Estonia) နိုင်ငံကို နေ့ချင်းပြန်သွားခဲ့တာပါ။ အက်(စ်)တိုးနီးယားနိုင်ငံရဲ့ မြို့တော် တယ်လင်း(Tallinn) က ဖင်လန်နိုင်ငံရဲ့ တောင်ပိုင်းမှာ ရှိတာကြောင့် ဖင်လန်နိုင်ငံမြို့တော် ဟယ်ဆင်ကီမြို့(Helsinki)ကနေ နိုင်ငံကူးသင်္ဘောနဲ့ သွားနိုင်ပါတယ်။ နှစ်နိုင်ငံကြားပြေးဆွဲနေတဲ့ သင်္ဘောလိုင်းပေါင်း သုံးလိုင်းရှိပြီး သင်္ဘောစီးချိန်က ၂နာရီကျော်ပဲကြာပါတယ်။


လွန်ခဲ့တဲ့ နှစ်၈၀၀ကျော်ကတည်းက တည်ထောင်ခဲ့တဲ့ တယ်(လ်)လင်းမြို့ကို နဂိုက Reveal ဆိုတဲ့ အမည်နဲ့ပဲသိခဲ့ကြတာပါ။ ၁၃ရာစုကနေ ၁၉၁၈ခုနှစ်မတိုင်ခင်က လွတ်လပ်ရေးမရခင်အထိ Reveal ဆိုတဲ့ ဂျာမန်အမည်သုံးခဲ့ကြပြီး လွတ်လပ်ရေးရပြီး နောက်ပိုင်းမှသာ တယ်(လ်)လင်းဆိုတဲ့ အမည်ကိုပြောင်းခဲ့ကြတာပါ။ တယ်(လ်)လင်းမြို့မှာ အက်စတိုးနီးယားနိုင်ငံရဲ့ အမြင့်ဆုံးအဆောက်အအုံရှိဖြစ်တဲ့ Teletorn ရုပ်မြင်သံကြားတာဝါရှိပြီး တာဝါပေါ်ကနေ တစ်မြို့လုံးကို လှမ်းမြင်နိုင်ပါတယ်။ မြူကင်းစင်တဲ့နေ့တွေမှာဆို ဖင်လန်နိုင်ငံရဲ့ ကမ်းရိုးတန်းကိုတောင် လှမ်းမြင်ရနိုင်ပါတယ်။


တယ်(လ်)လင်းမြို့ကို ကမ္ဘာလှည့်ခရီးသည်တွေ လာရောက်ကြတဲ့ အကြောင်းပြချက်တစ်ခုကတော့ မြို့လည်မှာရှိတဲ့အလယ်ပိုင်းခေတ်မြို့ဟောင်းကြီးကြောင့်ပါ။ ရဲတိုက်တွေ၊ ခံတပ်တွေ၊ မျှော်စင်တွေနဲ့ ရှေးဟောင်းအဆောက်အအုံတွေ ပြည့်နေတဲ့ မြို့ဟောင်းကြီးက လေ့လာစရာတွေများလွန်းတာကြောင့် လဟာပြင်ပြတိုက်ကြီးလိုပါပဲ။ ဒုတိယကမ္ဘာစစ်မှာ ဗုံးဒဏ်တွေခံခဲ့ရပေမဲ့ ရှေးဟောင်းအဆောက်အအုံတွေရှိနေဆဲဖြစ်လို့ ဥရောပမှာ အကောင်းဆုံးထိန်းသိမ်းထားနိုင်တဲ့ အလယ်ခေတ်မြို့တော်ကြီးအပြင် ယူနက်စကိုကနေ ကမ္ဘာ့အမွေအနှစ်နေရာအဖြစ်လည်း အသိအမှတ်ပြုထားပါတယ်။


မြို့ဟောင်းကြီးမှာ ၁၄ရာစုနှစ် အလယ်ခေတ်ကခံတပ်ကြီးကို လူကြိုက်များပါတယ်။ မူလက အရှည် ၁မိုင်ခွဲ အမြင့် ၅၂ပေခွဲနဲ့ အထူ၁၀ပေနီးပါးရှိတဲ့ ခံတပ်ကြီးမှာ မျှော်စင်ကြီးတွေ ၄၆ခုတောင်ရှိပါတယ်။ အခုလက်ရှိမှာတော့ ခံတပ်ကြီးက ၁မိုင်ကျော်အရှည်သာ ကျန်တော့ပြီး မျှော်စင်လည်း အခု၂၀သာ အကောင်းအတိုင်းကျန်နေပါတော့တယ်။ ကမ္ဘာလှည့်ဧည့်သည်တွေအနေနဲ့ တချို့မျှော်စင်ပေါ်တောင် တက်ကြည့်လို့ရပါတယ်။ မြို့ဟောင်းအောက်မှာတော့ ၁၇ရာစုက မြေအောက်ဥမင်တွေရှိနေပါတယ်။ ဒုတိယကမ္ဘာစစ်တုန်းက ဗုံးခိုရာအဖြစ်အသုံးပြုခဲ့ကြပြီး ၂၀၁၀ခုနှစ်နောက်ပိုင်းမှ ကမ္ဘာလှည့်ခရီးသည်တွေကို ဝင်ရောက်လေ့လာခွင့်ပြုလိုက်တာပါ။


မြို့ဟောင်းကြီးမှာ ကျောက်စရစ်ခင်းတဲ့လမ်းကြိုလမ်းကြားလေးတွေထဲ လျှောက်သွားရတာ ရှေးခေတ်ပြန်ရောက်သွားသလိုလို ပုံပြင်တွေထဲ ပြန်ရောက်သွားသလိုလိုပါ။ အိမ်လေးတွေ အဆောက်အအုံတွေသာမက ကော်ဖီဆိုင်လေးတွေ ဘားတွေကလည်း ရှေးခေတ်အပြင်အဆင်တွေနဲ့ပါ။ မြို့ဟောင်းမှာ မြို့လည်ရင်ပြင်၊ မြို့တော်ခန်းမ၊ လွှတ်တော်အဆောက်အအုံ၊ Aleksander Nevsky ဘုရားကျောင်း၊ Kadriorg ပန်းခြံနှင့်နန်းတော်၊ Toompea ရဲတိုက်နဲ့ တခြားနေရာတွေ သွားရောက်လေ့လာနိုင်ပါတယ်။ မြို့ဟောင်းကို အပေါ်စီးကနေမြင်ရနိုင်တဲ့ Toompea တောင်ကုန်းပေါ်က Viewing Platform တွေကိုတော့ မဖြစ်မနေ သွားသင့်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s