ခရစ္စမတ်ဘိုးဘိုးကြီးရဲ့ ဇာတိမြို့လေး Rovaniemi

ခရစ္စမတ်ဘိုးဘိုးကြီးရဲ့ ဇာတိမြို့လေး

Rovaniemi


ပုံပြင်တွေထဲကလို နှင်းတွေတဖွဲဖွဲကျနေတဲ့နေရာလေး၊ အစိမ်းနုရောင် ဥတ္တရအလင်းတန်းတွေ ကောင်းကင်ပေါ် ကခုန်နေကျနေရာလေး၊ နှင်းတွေကြားက ဖန်လုံအိမ်ခုံးခုံးလေးတွေမှာ အိပ်လို့ရတဲ့နေရာလေး၊ အာတိတ်စက်ဝိုင်းဖြတ်သွားတဲ့နေရာလေးကတော့ ဥရောပမြောက်ပိုင်းနိုင်ငံဖြစ်တဲ့ ဖင်လန်(Finland) နိုင်ငံက Lapland ပါ။ Lapland ဆိုတာ နိုင်ငံမဟုတ်သလိုမြို့လည်း မဟုတ်ပါဘူး။ အာတိတ်စက်ဝိုင်းထဲမှာရှိတဲ့ ဥရောပမြောက်ပိုင်းဒေသတွေပါ။ Lapland မှာ ဖင်လန်အပြင် ဆွီဒင်၊ နော်ဝေးနဲ့ ရုရှားမြောက်ဖျားပိုင်းတွေလည်း ပါပါတယ်။ အာတိတ်ဒေသမှာ နှစ်ပေါင်း ၅၀၀၀ထက် မနည်းနေထိုင်ခဲ့တဲ့ Lapp လို့ခေါ်တဲ့ ဆာမိ (Sami) တိုင်းရင်းသားတွေ နေထိုင်ခဲ့တဲ့ဒေသဖြစ်လို့ Lapland လို့ အမည်တွင်နေတာပါ။


Lapland က ခရစမတ်ဘိုးဘိုးကြီး တရားဝင်နေတဲ့နေရာဖြစ်ပြီး အဲ့ဒီထဲကမှ ဖင်လန်မှာရှိတဲ့ ရိုဗီနီယာမီ (Rovaniemi) မြို့ကိုတော့ ခရစ္စမတ်ဘိုးဘိုးကြီးရဲ့ ဇာတိမြို့လေးအဖြစ် သတ်မှတ်ထားပါတယ်။ Kemijoki မြစ်နဲ့ Ounasjoki မြစ်ဆုံတဲ့နေရာရှိတဲ့ ဒီမြို့က အာတိတ်စက်ဝိုင်းပေါ်တည်ရှိနေပါတယ်။ တစ်နှစ်ကို ဧည့်သည် ၅သိန်းကျော်လာလည်ကြလို့ ခရီးသွားအလာများတဲ့မြို့ဖြစ်သလို စီးပွားရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ယဉ်ကျေးမှုဆိုင်ရာ အချက်အချာကြတဲ့နေရာလည်းဖြစ်လို့ Lapland ဒေသရဲ့ မြို့တော်လည်းဖြစ်နေပါတယ်။


ဒီဒေသက ခရစမတ်ဘိုးဘိုးကြီး ခရစ္စမတ်လက်ဆောင်တွေ လိုက်ဝေတဲ့အခါ စွပ်ဖားလှည်းဆွဲပေးတဲ့ တန်ဒြာဒေသသမင်(Reindeer)လေးတွေရဲ့ ဇာတိမြေလည်းဖြစ်ပါတယ်။ Lapland မှာ သမင်တွေ ဘယ်လောက်များလဲဆိုရင် သမင်ကောင်ရေနဲ့ လူဦးရေ အတူတူပါပဲ။ ကားလမ်းတွေကိုလည်း မကြာမကြာ ဖြတ်ကူးတတ်လို့ သတိပေးဆိုင်းဘုတ်တွေတောင် ထောင်ထားရပါတယ်။ ဒီသမင်တွေကို ဆာမိ (Sami) လူမျိုးတွေကသာ ထိန်းကျောင်းနိုင်ပြီး အရိုင်းကောင်တွေလည်းမရှိပါဘူး။ အကောင်တိုင်းမှာ ပိုင်ရှင်တွေရှိကြပြီး အကောင်တွေကိုယ်ပေါ်မှာ အမှတ်အသားတွေ ပြုလုပ်ထားကြပါတယ်။


Lapland က ဖင်လန်နိုင်ငံရဲ့ ၃ပုံတစ်ပုံလောက်ကို နေရာယူထားပေမဲ့ ဖင်လန်နိုင်ငံသား၃.၆ ရာခိုင်နှုန်းသာ အခြေချနေထိုင်ကြတာကြောင့် လူနေမထူထပ်ပါဘူး။ လူနည်းတော့ သဘာဝအလှတရားတွေကို ကောင်းကောင်းခံစားနိုင်ပါတယ်။ ဆောင်းတွင်းမှာ နှင်းတွေဖုံးနေတဲ့ Lapland က ဆောင်းတွင်းကာလတွေဖြစ်တဲ့ နိုဝင်ဘာလကနေ မတ်လအထိ နေ့တာတိုပြီး နေရောင်ခြည်သိပ်မမြင်ရပေမဲ့ နွေရာသီမှာတော့ နေ့တာရှည်လွန်းလို့ တစ်နေကုန်နေမဝင်တဲ့ ရက်တွေတောင် ရှိသေးပါတယ်။ တစ်နှစ်မှာ ၇၃ရက်လောက်က ညဆိုတာမျိုးမရှိပါဘူး။ အထူးသဖြင့် ဇွန်လမှာ တစ်နေ့ကို နေရောင် ၂၁နာရီကနေ ၂၄နာရီအထိမြင်နေရပါတယ်။


ဆောင်းတွင်းမှာတော့ Lapland က ညဘက်ကောင်းကင်ယံမှာ အစိမ်းရောင်အလင်းတန်းတွေအဖြစ် ပေါ်ထွက်လာလေ့ရှိတဲ့ ဥတ္တရအလင်းတန်းကြည့်ဖို့ကောင်းတဲ့နေရာအဖြစ် နာမည်ကြီးပါတယ်။ အဲ့ဒီအထဲမှာမှ Abisko အမျိုးသားဥယျာဉ်ကြီးကတော့ ဥတ္တရအလင်းတန်းကြည့်ဖို့အကောင်းဆုံးနေရာပါ။ Lapland ကို ဥတ္တရအလင်းတန်းကြည့်ချင်လို့လာကြတဲ့ ဧည့်သည်တွေအတွက် ဟိုတယ်အခန်းထဲ အိပ်ယာပေါ်ကနေ နွေးနွေးထွေးထွေးနဲ့ အလွယ်တကူမြင်နိုင်အောင် တချို့ဟိုတယ်တွေကို မှန်အမိုး၊ မှန်နံရံတွေနဲ့ဆောက်ထားပါတယ်။ အက်စကီးမိုးလေးတွေနေတဲ့ ရေခဲတုံး Igloo အိမ်လေးတွေလို ဖန်လုံအိမ်ခုံးခုံးတွေလည်း ဆောက်ပေးထားပါတယ်။ ဒါ့အပြင် ဆောင်းတွင်းမှာ ရေခဲေ တွနဲ့ထုဆစ်တည်ဆောက်ထားတဲ့ ရေခဲဟိုတယ်တွေလည်းရှိပြီး နွေရာသီမှာတော့ အရည်ပျော်သွားတတ်ကြပါတယ်။ စာရေးသူတို့ကတော့ မှန်အမိုးနဲ့ ဆာမိရိုးရာအိမ်လေးတွေလိုဆောက်ထားတဲ့ Apukka Resort မှာတည်းခဲ့တာပါ။


စာရေးသူတို့နောက်ထပ်တည်းခဲ့တဲ့ Santa Claus Village မှာတော့ ခရစ္စမတ်ဘိုးဘိုးကြီးနဲ့ တွေ့ဆုံစကားပြော အမှတ်တရဓာတ်ပုံရိုက်တာ၊ ကိုယ်ချစ်သူတွေဆီ ခရစ္စမတ်ကတ်တွေ ပို့ပေးတာ၊ ဒရယ်လေးတွေမောင်းတဲ့ စွပ်ဖားလှည်းစီးတာ၊ အာတိတ်စက်ဝိုင်းအမှတ်အသားထောင်ထားတဲ့တိုင်တွေနဲ့ ဓာတ်ပုံရိုက်တာတို့ကို ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် နှင်းခွေး(Husky)လေးတွေမွေးထားတဲ့ ခြံတွေထဲသွားလည်နိုင်ကာ နှင်းခွေးလေးတွေဆွဲတဲ့ စွပ်ဖားလှည်းလေးတွေစီးနိုင်သလို ထင်းရူးတောတွေကြား နှင်းတောထဲ Snow Mobile မောင်းတာ၊ နှင်းတောလျှောက်ဖိနပ်နဲ့လမ်းလျှောက်တာ၊ ရေခဲပြင် ငါးမျှားတာ၊ ရေခဲပြင်ခွဲ သင်္ဘောကြီးနဲ့ ဆွီဒင်နိုင်ငံဘက်ကူးတာမျိုးတွေလည်း ပြုလုပ်နိုင်ပါတယ်။

ဒီလို ဆန်းကြယ်တဲ့သဘာဝတရားတွေနဲ့ အတွေ့အကြုံသစ်တွေရနိုင်တဲ့ နေရာလေးက ပျော်ရွှင်စိတ်လှုပ်ရှားဖွယ်ရာ ဘဝအမှတ်တရတွေကို ပေးစွမ်းနိုင်လို့ ညွှန်းဆိုလိုက်ရပါတယ်။


ဒေါက်တာနုမြတ်သိင်္ဂ ီဦး

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s