ဝိုင်အစပြုရာ ဂျော်ဂျီယာမှ လည်စရာများ
အာရှတိုက်နဲ့ ဥရောပတိုက်အကြား ကော့ကေးဆပ်တောင်တန်းတွေပေါ်မှာ တည်ရှိတဲ့ ဂျော်ဂျီယာနိုင်ငံလေးက မြို့တော်ဟောင်းတွေ၊ ယူနက်စကို အသိအမှတ်ပြုထားတဲ့ နေရာတွေ၊ နှင်းဖုံးတဲ့တောင်တန်းတွေ၊ လှပတဲ့ရှုမျှော်ခင်းတွေ၊ အရသာရှိလှတဲ့ဝိုင်တွေကြောင့် ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်ရာ နိုင်ငံလေးဖြစ်လို့နေပါတယ်။

ဂျော်ဂျီယာက ကမ္ဘာပေါ်မှာ ရှေးအကျဆုံးဝိုင်ထုတ်လုပ်တဲ့ နိုင်ငံပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁သောင်းလောက်ကစပြီး ဝိုင်ချက်ခဲ့ကြပါတယ်။ မြေအောက်အိုးထဲ သိမ်းထားတဲ့ စပျစ်သီးတွေ မတော်တဆ အချဉ်ဖောက်သွားရာကနေ ဝိုင်အရသာကို စတင်သိရှိခဲ့ကြတာတဲ့လေ။ ဂျော်ဂျီယာဝိုင်ဖောက်နည်းကလည်း သူများထက်ထူးတဲ့ ရှေးကျတဲ့သဘာဝနည်းပါ။ မြေအိုးထဲ စပျစ်သီးအရည်တွေညှစ်ထည့်ကာ အခွံတွေ၊ အရိုးတွေ၊ အစေ့တွေပါထည့်ပြီး မြေအောက်ထဲ ၅လ ၆လလောက်ထည့်မြှုပ်ပြီး အချဉ်ဖောက်တဲ့နည်းပါ။ ထည့်မြှုပ်တဲ့ မြေအိုးပုံကလည်း ဆန်းပါတယ်။ မြေထဲထည့်မြှုပ်ရ အဆင်ပြေအောင် ဘဲဥပုံကို ဖင်နေရာမှာ ချွန်ထားပါတယ်။ အဲ့ဒီလိုဖင်ချွန်းမြေအိုးဝိုင်းကို သူတို့ဘာသာစကားနဲ့ Kvevri လို့ ခေါ်ပါသတဲ့။ ဒီလို Kvevri လို့ခေါ်တဲ့ ရိုးရာဝိုင်ဖောက်နည်းက ယူနက်စကိုက အသိအမှတ်ပြုရတဲ့အထိ ရှေးကျပါတယ် ။ ဝိုင်ပေါတဲ့နိုင်ငံဖြစ်တဲ့အလျှောက် ဝိုင်ခြံတွေကို သွားလေ့လာလို့ရပြီး ဝိုင်အလကားအမြည်းတိုက်တဲ့ဆိုင်တွေ အများကြီးကိုလည်း စာရေးသူတို့ဂျော်ဂျီယာနိုင်ငံ သွားလည်ခဲ့တုန်းက တွေ့ခဲ့ရပါတယ်။





ဂျော်ဂျီယာနိုင်ငံရဲ့မြို့တော်ကတော့ တီဘလီဆီ(Tiblisi)ဖြစ်ပြီး ဂျော်ဂျီယာဘာသာစကားနဲ့ဆိုရင် နွေးထွေးတဲ့မြို့လို့ အဓိပါယ်ရပါတယ်။ မြို့သူမြို့သားတွေက ပြုံးရွှင်ပြီး တကယ်လည်း နွေးထွေးကြပါတယ်။ မြစ်ကမ်းဘေးမှာရှိပြီး တောင်တွေဝန်းရံနေတဲ့ တီဘလီဆီမြို့က သိပ်လှပါတယ်။ ဥရောပ၊ အာရှနဲ့ အရှေ့အလယ်ပိုင်းဒေသတွေရဲ့ ဟန်ပန်ယဉ်ကျေးမှုတွေ ရောနှောနေတဲ့မြို့လေးပါ။ မြို့ဟောင်းဘက်က လမ်းတွေထဲ လျှောက်ကြည့်ရင် အရောင်အသွေးစုံတဲ့ အိမ်လေးတွေ၊ ရိုးရာအစားအစာတွေရောင်းတဲ့ စားသောက်ဆိုင်တွေအပြင် ရှေးခေတ် ဘုရင်တွေ ရေချိုးတဲ့ ရှေးဟောင်းအမိုးခုံး ရေပူစမ်း ရေချိုးဆောင်တွေပါ တွေ့ရမှာပါ။ မြို့လည်က တောင်ပေါ်ကို ကောင်းကင်ရထား Cable Car နဲ့တက်ကြည့်ရင်တော့ တောင်ပေါ်ကနေ မြို့ဟောင်းရော မြို့သစ်ရောရှုခင်း လှမ်းမြင်ရမှာပါ။
သဘာဝအလှတွေခံစားချင်ရင်တော့ မြို့တော်ရဲ့မြောက်ဘက်ကို သုံးနာရီပိုင်းလောက်မောင်းရတဲ့ Kazbegi တောင်ပေါ်မြို့လေးဆီကို သွားသင့်ပါတယ်။ အနားက Gergiti Trinity ဘုရားကျောင်းလေးက တောင်အထပ်ထပ်ကြားက တောင်ပေါ်မှာတည်ရှိပြီး ရှုခင်းသိပ်လှလို့ ကမ္ဘာကျော်ပါတယ်။ လမ်းမှာ Gudauri နှင်းလျှောစီးစခန်းမြို့လည်းရှိပြီး လမ်းတလျှောက်မြင်ရတဲ့ ရှုခင်းတွေကလည်း သိပ်သာယာပါတယ်။ ဂျော်ဂျီယာမှာ ရေခဲတောင်တွေရှိသလို ကမ်းခြေလည်းရှိပါသေးတယ်။ ကမ်းခြေတွေထဲမှာ ပင်လယ်နက်ကမ်းရိုးတန်းမှာရှိတဲ့ Batumi ကမ်းခြေက သွားလည်ဖို့အကောင်းဆုံးပါ။ သဘာဝအလှတွေပြည့်နေတဲ့ ဂျော်ဂျီယာမှာ ကမ္ဘာ့အနက်ဆုံးဂူလည်းရှိပြီး Veryovkina ဂူလို့ခေါ်ပါတယ်။ အနက်ပေပေါင်း ၇၂၅၇ ပေရှိတာကြောင့် ဂူအောက်ခြေထိရောက်ဖို့ဆိုရင် ၂၇ရက်လောက်ကြာပါတယ်။
ဂျော်ဂျီယာမှာ လှပတဲ့ရှုခင်းတွေ၊ ဂူတွေအပြင် အလယ်ပိုင်းခေတ်က ဘုရားကျောင်းတွေနဲ့ ယူနက်စကိုက အသိအမှတ်ပြုထားတဲ့ ကမ္ဘာ့အမွေအနှစ်နေရာတွေလည်း ရှိပါတယ်။ Bagrati နဲ့ Gelati ဘုရားကျောင်းတွေရှိတဲ့ ရှေးဟောင်းမြို့တော် Mtskheta က ဘာသာရေးမြို့တော်အဖြစ်လည်း ကျော်ကြားပါတယ်။ အဲ့ဒီမြို့မှာရှိပြီး မြစ်နှစ်စင်းဆုံရာကို တောင်ပေါ်ကနေလှမ်းမြင်ရတဲ့ Jvari Monastery က ယူနက်စကိုကအသိအမှတ်ပြုထားတဲ့နေရာပါ။ Aragvi မြစ်ကမ်းဘေးက Anauri ရှေးဟောင်းရဲတိုက်ကြီးကတော့ ၁၃ရာစုကတည်းက ဆောက်လုပ်ခဲ့တာဆိုတော့ အတော်ကို ရှေးကျတဲ့ သမိုင်းဝင်အဆောက်အအုံကြီးပါ။
ကျောက်ဂူမြို့တော်Uplistsikhe ကလည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ ခန့်က ကျောက်ဂူတွေ ဥမင်လှိုဏ်ခေါင်းတွေထဲ လူပေါင်း နှစ်သောင်းကျော် နေထိုင်ခဲ့ကြတဲ့နေရာဖြစ်လို့ စိတ်ဝင်စားဖို့ကောင်းပါတယ်။ အနီအနားက ဂိုရီမြို့လေးကတော့ ဆိုဗီယက်ခေါင်းဆောင်ကြီး စတာလင်ရဲ့ ဇာတိမြို့လေးအဖြစ် ကျော်ကြားပြီး စတာလင်ပြတိုက်နဲ့ စတာလင်မွေးရာအိမ်လေးဆီကိုပါ သွားလေ့လာနိုင်ပါတယ်။
ဒီနေရာတွေကတော့ ဂျော်ဂျီယာနိုင်ငံရောက်ခဲ့စဉ်က စာရေးသူတို့ သွားရောက်လည်ပတ်ဖြစ်ခဲ့တဲ့နေရာတွေနဲ့ စိတ်ဝင်စားစရာ နေရာတွေပါ။ တောလမ်းလျှောက်၊ တောင်တက်၊ နှင်းလျှောစီး၊ မြင်းစီးတို့လို သဘာဝနဲ့ဆက်စပ်နေတဲ့ ခရီးစဉ်တွေကနေ ရဲတိုက်ကြီးတွေ ရှေးဟောင်းဘုရားကျောင်းကြီးတွေ သွားလည်ရတဲ့ခရီးစဉ်တွေအထိ ဂျော်ဂျီယာက ခရီးသည်တိုင်းကို ကျေနပ်စေမှာပါ။