ကမ္ဘာ့အကြီးဆုံးနိုင်ငံ ရုရှား (Russia, World’s Largest Country)

ကမ္ဘာ့အကြီးဆုံးနိုင်ငံ

ရုရှား (Russia)

Written by – Dr. Nu Myat Theingi Oo

  • ကမ္ဘာ့နိုင်ငံပေါင်း ၁၉၅နိုင်ငံမှာ ရုရှားနိုင်ငံဟာ အကြီးဆုံးနိုင်ငံကြီးပါ။ ဘယ်လောက်တောင်ကြီးသလဲဆိုရင် ကမ္ဘာမြေထုရဲ့ ၉ပုံတစ်ပုံခန့်ကိုတောင် နေရာယူထားတာပါ။ အကျယ်အဝန်း စတုရန်းမိုင်ပေါင်း ၆.၆သန်းတောင်ရှိပြီး အာရှတိုက်မြောက်ပိုင်းတစ်ခုလုံးကို နေရာယူထားပါတယ်။
  • ဒုတိယအကြီးဆုံးနိုင်ငံက ကနေဒါ(Canada)နိုင်ငံ ဖြစ်ပြီး တတိယအကြီးဆုံးနိုင်ငံကတော့ တရုတ်နိုင်ငံပါ။
  • ကမ္ဘာ့အသေးဆုံးနိုင်ငံကတော့ အီတလီနိုင်ငံရောမမြို့ထဲမှာ ရှိတဲ့ ဗာတီကန်စီးတီး (Vatican City) နိုင်ငံပါ။
  • ဒုတိယအသေးဆုံးနိုင်ငံကတော့ ပြင်သစ်တောင်ပိုင်း အီတလီနယ်စပ်မှာရှိတဲ့ မိုနာကို (Monaco) နိုင်ငံပါ။
  • ရုရှားက အကြီးဆုံးနိုင်ငံကြီးဖြစ်တဲ့အလျောက် နယ်နိမိတ်ချင်းထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေဆိုရင် (၁၄) နိုင်ငံတောင်ရှိပါတယ်။ စံတော်ချိန်တွေကလည်း တစ်နိုင်ငံထဲမှာတင် စံတော်ချိန်ဇုံပေါင်း (၉) ခုတောင်ရှိနေပါတယ်။

အာရှနဲ့ ဥရောပနှစ်တိုက်စလုံးမှာရှိ

ရုရှားနိုင်ငံက တအားကြီးတော့ ဥရောပနဲ့ အာရှတိုက်နှစ်တိုက်လုံးမှာရှိနေပါတယ်။ နိုင်ငံရဲ့လေးပုံတစ်ပုံက ဥရောပမှာရှိကာ လေးပုံသုံးပုံကတော့ အာရှမှာရှိလို့နေပါတယ်။ ဒါပေမဲ့ လူအများစုက ဥရောပဘက်မှာနေကြပြီး လူဦးရေရဲ့ ၂၂ရာခိုင်နှုန်းကသာ အာရှတိုက်ဘက်မှာ နေကြတာပါ။ ရုရှားရဲ့ လူဦးရေက စုစုပေါင်း ၁၄၀သန်း ရှိပြီး လူဦးရေရဲ့ ၇၃.၈ရာခိုင်နှုန်းက မြို့ပြမှာနေထိုင်ကြပါတယ်။ နိုင်ငံရဲ့ တဝက်လောက်က သစ်တောတွေနဲ့ ဖုံးလွှမ်းနေပါတယ်။

ကမ္ဘာ့အရှည်ဆုံးမီးရထားလမ်း

ကမ္ဘာ့အကြီးဆုံးနိုင်ငံဆိုတော့ ကမ္ဘာ့အရှည်ဆုံးမီးရထားလမ်းလည်း ရုရှားမှာရှိနေပါတယ်။ Trans-Siberian ရထားလမ်းက နိုင်ငံအနောက်ဘက် မော်စကိုမြို့ကနေ အရှေ့ဘက်Vladivostok မြို့ထိ တစ်နိုင်ငံလုံးနီးပါး ဖြတ်သန်းပြေးဆွဲနေတာပါ။ ရထားလမ်း အရှည်မိုင်ပေါင်း ၅၇၀၀မိုင်ရှိပြီး ရထားလမ်းအစအဆုံး လုံးဝမနားဘဲ ဆက်တိုက်သွားမယ်ဆိုရင် မြို့ပေါင်း ၈၇မြို့ ၊ မြစ်ပေါင်း ၁၆စင်းနဲ့ စံတော်ချိန်ပေါင်း ၈ ခုကို ဖြတ်သွားရပြီး ခရီးချိန်ပေါင်း ၁၅၂ နာရီနဲ့ ၂၇မိနစ်ကြာမှာဖြစ်ပါတယ်။ ။ ရက်နဲ့တွက်ကြည့်ရင် တစ်ပတ်လောက်ခရီးနှင်ရမှာ။ နည်းတာမဟုတ်ဘူးနော်။

ဥရောပရဲ့အမြင့်ဆုံးတောင်

ဥရောပရဲ့အမြင့်ဆုံးတောင် Elbrus ဆိုတဲ့တောင်ကလည်း ရုရှားနိုင်ငံမှာ တည်ရှိနေပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် ၁၈၄၈၀ပေ မြင့်ပါတယ်။ တို့တွေရဲ့အမြင့်ဆုံးတောင် ခါကာဘိုရာဇီထက်တော့ နိမ့်နေတုန်းပဲပေါ့လေ။ ရုရှားနိုင်ငံရဲ့ အနိမ့်ဆုံးနေရာကတော့ ပင်လယ်ရေမျက်နှာပြင်အောက် ၉၂ပေနီးပါး အနက်မှာရှိနေတဲ့ Caspian ပင်လယ်ဖြစ်ပါတယ်။
ရုရှားမှာ မီးတောင်ရှင်ပေါင်းလည်း (၁၂) တောင်ရှိနေပါတယ်။

ကမ္ဘာ့အနက်ဆုံးရေကန်

ရုရှားမှာ ကမ္ဘာ့အနက်ဆုံးရေကန်လည်းရှိပြီး Lake Baikal လို့ခေါ်ပါတယ်။ ကမ္ဘာ့ရေချိုပမာဏရဲ့ ၂၀ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပါတယ်။ ရေကန်ထဲမှာ အပင်နဲ့ တိရစ္ဆာန်မျိုးစိတ်ပေါင်း ၁၇၀၀ နေထိုင်နေပြီး သုံးပုံနှစ်ပုံက ကမ္ဘာ့တခြားနေရာတွေမှာ မတွေ့ရတဲ့မျိုးစိတ်တွေဖြစ်နေပါတယ်။

ကမ္ဘာ့အသက်အန္တရာယ်အရှိဆုံးရေကန်

ကမ္ဘာ့အသက်အန္တရာယ်အရှိဆုံး ရေကန်တစ်ခုလည်း ရုရှားမှာ ရှိနေပါတယ်။ Karachay ဆိုတဲ့ ရေကန်က နျူးကလီးယားအညစ်အကြေးတွေ စွန့်ပစ်ရာကန်ဖြစ်နေတော့ ရေဒီယို သတ္တိကြွနေတတ်တာကြောင့် ရေကန်နားမှာ တစ်နာရီလောက် နေရုံနဲ့တင် အသက်သေဆုံးနိုင်ပါတယ်။
ကမ္ဘာ့လေထုအညစ်ညမ်းဆုံးမြို့ Norlisk ဆိုတာရှိသလို ကမ္ဘာပေါ်မှာ အအေးဆုံး လူနေထိုင်တဲ့မြို့Oymyakon ဆိုတဲ့မြို့လည်း ရှိလို့နေပါတယ်။ အဲ့ဒီမြို့မှာ ၁၉၃၃ခုနှစ် ဖေဖော်ဝါရီလတုန်းက အပူချိန် အနှုတ်၆၇.၈ဒီဂရီစင်တီဂရိတ်အထိ စံချိန်တင် ကျဆင်းခဲ့ပါတယ်။ ဆောင်းရာသီတွေမှာတော့ ပျမ်းမျှအားဖြင့် အနှုတ် ၅၀ဒီဂရီစင်တီဂရိတ်ဝန်းကျင် ရှိနေတတ်ပါတယ်။

ရုရှားမြို့ကြီးတွေ

ရုရှားမြို့တွေထဲမှာ မော်စကိုမြို့က အကြီဆုံးမြို့ဖြစ်သလို မြို့တော်လည်းပဲဖြစ်ပါတယ်။ ဒုတိယအကြီးဆုံးမြို့ကတော့ စိန့်ပီတာစဘတ်မြို့ပါ။ ခမ်းနားလှပတဲ့ နန်းတော်တွေ၊ ဘုရားကျောင်းတွေ အများကြီးရှိလို့ ရုရှားကို အလည်သွားရင် ဒီမြို့နှစ်မြို့ကို အဓိကသွားလည်ကြပါတယ်။ တခြားသွားလေ့ရှိကြတဲ့ မြို့တွေကတော့ နွေရာသီမှာ အပန်းဖြေကမ်းခြေမြို့ဖြစ်ပြီး ဆောင်းတွင်းမှာ နှင်းလျောစီးမြို့အဖြစ်ပြောင်းသွားတတ်တဲ့ Sochii မြို့၊ ရှေးဟောင်းအဆောက်အအုံတွေနဲ့ သိပ်လှတဲ့ Kazan မြို့၊ ရှေးအကျဆုံးမြို့လေးတစ်မြို့ဖြစ်တဲ့ Suzdal မြို့၊ ကျောက်ဆောင်ကမ်းပါးတွေမှာဆောက်ထားတဲ့ အဆောက်အအုံတွေရှိတဲ့ Sevastopolမြို့၊ ကမ္ဘာ့အနိမ့်ဆုံး ရေကန်နားမှာရှိတဲ့ Irkutsk မြို့တို့ပဲဖြစ်ပါတယ်။

Written by Dr. Nu Myat

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s