အင်းလေးနားတဝိုက်က ဓာတ်ပုံရိုက်လို့ကောင်းတဲ့
ထူးထူးခြားခြားအိမ်(၄)အိမ်
အိမ်လေးတွေသာဆိုတယ် တကယ်က စားသောက်ဆိုင်နဲ့ ကော်ဖီဆိုင်လေးတွေပါ။ ဆိုင်နာမည်လေးတွေမှာ House တို့ အိမ်တို့ပါတာကြောင့် အိမ်လေးတွေလို့ ချစ်စနိုးခေါ်လိုက်တာပါ။ အဲ့ဆိုင်လေးတွေက ဆောက်ထားတာလည်းဆန်းလို့ ဓာတ်ပုံလှလှလေးတွေ ရိုက်ချင်တဲ့သူတွေအတွက်တော့ ပျော်စရာပေါ့။ ဒီအိမ်(၄)အိမ်အကြောင်းဖတ်ကြည့်ပြီး ဘယ်အိမ်အကြိုက်ဆုံးလည်း ပြောကြည့်ကြည့်နော်။
သစ်ပင်အိမ် (Little Tree House Restaurant)
စိတ်ကူးတွေထဲကလို သစ်ပင်အိမ်လေးပေါ့။ ဒါပေမဲ့ သစ်ပင်ပေါ်ဆောက်ထားတာမျိုးမဟုတ်ဘဲ သစ်ပင်ကြီးဘေးမှာ ဝါးတွေကိုသုံးပြီးဆောက်ထားတဲ့အိမ်လေးပါ။ အိမ်လေးက သဘာဝဆန်ဆန်လေးနဲ့ သိပ်ဆန်းတာ။ ထိုင်းဗိသုကာပညာရှင်တွေဆောက်ပေးထားတာတဲ့။ ဝါးအိမ်လေးက ၃ထပ်တောင်ရှိတာနော်။ အပေါ်ဆုံးထပ်ကတော့ ခပ်သေးသေးရယ်ပေါ့။ အဲ့ကနေ ရှုခင်းတွေကြည့်လည်းရတယ်။
အိမ်အပေါ်ထပ်ကို စားစရာတွေတင်တဲ့နည်းကလည်းမိုက်တယ်။ စက်သီးနဲ့ အတင်အချလုပ်တာ။ အစားအသောက်ကတော့ရောက်မှ ချက်ပေးတာဆိုတော့ နည်းနည်းတော့စောင့်ရမယ်။ စောင့်ရင်း ဟိုရိုက်ဒီရိုက်လုပ်ပေါ့။
အိမ်နားမှာ ဝါးနဲ့လုပ်ထားတဲ့ကစားကွင်းတွေလည်းရှိတယ်။ ဝါးလျှော၊ ဝါးဒန်း၊ ဝါးစီးဆောလေးတွေနဲ့ ပျော်စရာကြီး။ အနားမှာ ယက်ကန်းရုံလည်းရှိတော့ ယက်ကန်းခတ်တာလည်း တစ်ခါတည်းလေ့လာလို့ရတယ်။ ညမှောင်ရိပ်သန်းရင်မီးလေးတွေလင်းလာတဲ့အခါ ပိုတောင်လှသေးတယ်။ ပုံပြင်တွေထဲရောက်သွားသလိုပဲ။ အရမ်းသဘောကျတာ။
ညအိပ်ချင်ရင်တော့ သစ်ပင်အိမ်ဘေးက A Little Ecolodge ဟိုတယ်လေးမှာ တည်းလို့လည်းရတယ်။ လိပ်စာက ညောင်ရွှေမြို့ကနေ မိုင်းသောက်သွားတဲ့လမ်းပေါ် ညောင်ဖြူရွာနားမှာရှိပါတယ်။ ညောင်ရွှေမြို့ကနေ ၅မိနစ်လောက်သွားရင်ရောက်ပါတယ်။ အင်းလေးမြင်းစီးကွင်းသွားရာလမ်းမှာရှိတဲ့ A Little eco Lodge ဝင်းအတွင်းမှာပါ။ ဖုန်းနံပါတ်တွေကတော့ 09428363692 နဲ့ 09426649846 တို့ပါ။
လယ်တောအိမ် (La Rizieဲre Buvette)
လယ်တောအိမ်လေးကလည်း Tree House လိုပဲ ဝါးတွေနဲ့ဆောက်ထားတာ ။ စိမ်းစိုနေတဲ့စိုက်ခင်းတွေကြားက ဝါးနဲ့ဆောက်ထားတဲ့ နှစ်ထပ်အိမ်လေးကို သိပ်သဘောကျတာပဲ။ ဒါကကျတော့ ပြင်သစ်ဒီဇိုင်းလက်ရာလေးပါတဲ့။ ပြင်သစ်နာမည်လေးကတော့ La Rizieဲre Buvette Restaurant and Sunset Bar တဲ့။ လယ်တောအိမ်ဆိုတဲ့ဆိုင်းဘုတ်လေးအတိုင်း ဝင်သွားလို့ရှိရင် ဘယ်ဘက်မှာ ခေါင်မိုးချွန်ချွန်နဲ့တစ်ထပ်အိမ်တွေ့ရမှာဖြစ်ပြီး ဘယ်ဘက်မှာတော့ ဝါးလေးတွေနဲ့ဆောက်ထားတဲ့ နှစ်ထပ်အိမ်လေးရှိပါတယ်။ တစ်ထပ်အိမ်အလယ်မှာ Open Kitchen ကိုဝိုင်းထိုင်လို့ရတဲ့ Bar လေးရှိပြီး နှစ်ထပ်မှာကျတော့ ဝါးစားပွဲလေးတွေနဲ့ အေးဆေးစားလို့ရပါတယ်။ ဝါးနင်းသံတဂျွတ်ဂျွတ်နဲ့ ဝါးကြမ်းခင်းပေါ်ခြေပစ်လက်ပစ်ထိုင်ချပြီး တမျှော်တခေါ်မြင်ရတဲ့ စပါးခင်းစိမ်းစိမ်းစိုစိုကြည့်ရတဲ့ Feel က အရမ်းမိုက်တာနော့။ အစားအသောက်တွေကလည်း မှာမှ လတ်လတ်ဆတ်ဆတ်ချက်ပေးတာ။ ဒေသထွက်အသီးအနှံလေးတွေနဲ့ဖျော်ပေးတဲ့ Cocktail ကလည်း ကောင်းမယ့်ပုံပဲ။ Sunset လေးကြည့်ရင်း Cocktail လာသောက်ကြတယ်တဲ့လေ။ နုမြတ်တို့ကတော့ နေ့လည်ဘက်ရောက်သွားလို့ နေ့လည်စာဝင်စားခဲ့ကြတာ။
အဲ့မှာအကြိုက်ဆုံးက အိမ်သာလေးပဲ။ ဟိုးအစွန်ဆုံးက ခရုပတ်ပုံဆောက်ထားတဲ့ ဝါးအိမ်သာမှာတံခါးမရှိသလို ပြတင်းပေါက်လေးလည်းထားပေးတော့ စိမ်းစိမ်းစိုစိုရှုခင်းတွေကြည့်ရင်း အေးအေးဆေးဆေးထိုင်လို့ရတာပေါ့ 😂မိန်းမအိမ်သာဆီ အလွယ်တကူလာလို့မရအောင် ဝါးတံတားလေးကို ခြံတံခါးလို ပိတ်နိုင်အောင် ထွင်ထားတာလေးလည်း သိပ်သဘောကျတယ်။
လိပ်စာကတော့ အင်းလေးမရောက်ခင် ညောင်ရွှေကနေ ခေါင်တိုင်သွားတဲ့လမ်းလေးပေါ်မှာရှိတာပါတဲ့။ ညောင်ရွှေလှေဆိပ်မရောက်ခင်လေးတင်ပါပဲ။ ရှာမရရင် ဒီဖုန်း 09787230306 ကို ဆက်မေးကြည့်ပါ။

စက်ဘီးအိမ် (MOT Café)
ဒီအိမ်လေးကတော့ အပြာနုလေးတစ်အိမ်လုံးသုတ်ထားပြီး စက်ဘီးအဖြူလေးတွေနဲ့ တန်ဆာဆင်ထားတာ အရမ်းချစ်ဖို့ကောင်းတာပဲ။ ခြံစည်းရိုးမှာလည်း စက်ဘီးအဖြူလေးတွေ၊ အိမ်နံရံမှာလည်း စက်ဘီးအဖြူလေးတွေ၊ စက်ဘီးအဖြူလေးတွေကို ပဒေသာပင်လိုတောင် အဆင့်ဆင့်တင်ထားတာ။ သဘောကျလိုက်တာ။ ဆိုင်အပေါ်ထပ်တက်မယ့်လှေကားနားမှာလည်း ပန်းရောင်နဲ့ အစိမ်းရောင်သုတ်ထားတဲ့ ဆိုက်ကားလေးတွေထားပေးထားတယ်။
ဆိုင်အထဲမှာတော့ အစိမ်းနုရောင်အခန်းလေးမှာ ပန်းလေးတွေနဲ့ ဥယျာဉ်ထဲရောက်သွားသလို ချစ်ဖို့ကောင်းနေပြန်ရော။ အသေးစိတ်ကအစ သေချာပြင်ဆင်ထားလို့ အရမ်းကို ဓာတ်ပုံရိုက်လို့ကောင်းမယ့်ဆိုင်လေးပေါ့။
ဆိုင်နာမည်က MOT တဲ့။ ကိုရီးယားကလာဖွင့်ထားတာ။ သူက အနားက အသက်မွေးဝမ်းကျောင်းသင်တန်း ကျောင်းသူကျောင်းသားတွေအတွက် Charity သဘောမျိုးဖွင့်ထားတာတဲ့။ လာအားပေးတဲ့ ပိုက်ဆံတွေအကုန် ကျောင်းရန်ပုံငွေထဲ လှူပေးတာဆိုတော့ ကောင်းလိုက်တာနော်။ ဖွင့်တာတစ်ပတ်လောက်ပဲရှိသေးလို့ အစားအသောက်ကတော့မရသေးဘူး။ အအေးနဲ့ကော်ဖီပဲရပါသေးတယ်။
လိပ်စာကတော့ အင်းလေးအသွားလမ်း ညောင်ရွှေအကျော် မိုင်းသောက်တံတားမရောက်ခင် လမ်းဘယ်ဘက်မှာတင်ရှိပါတယ်။

ကော်ဖီအိမ် (Coffee House)
ဒီဆိုင်လေးလည်း ဖွင့်တာသိပ်မကြာသေးပါဘူး။ နေရာကလည်း Little Tree House အကျော်လေးမှာပါ။ Inle Horse Club မရောက်ခင်မှာရှိပါတယ်။
သူကတောင်ကုန်းလေးပေါ်မှာဆောက်ထားတဲ့ အိမ်လေးကို ကော်ဖီဆိုင်နဲ့ ဘားဆိုင်လေးဖွင့်ထားတာပါ။ အင်းလေးကန်ကို မြင်ရတဲ့ ရှုခင်းက သိပ်လှပါတယ်။ တစ်ဖက်မှာ ဆည်၊ တစ်ဖက်မှာ အင်းလေးကန်နဲ့ သိပ်ကိုကောင်းတဲ့နေရာမှာရှိတဲ့ အိမ်လေးပါ။ နေသာတဲ့နေ့တွေမှာ အဲ့အိမ်လေးကနေမြင်ရတဲ့ Sunset View လေးကလည်း သိပ်ကို မိုက်တာပဲတဲ့။
အဲ့မှာ ဝိုင်တွေကော်ဖီတွေအပြင် အစားအသောက်လည်းရပါတယ်။ နဂါးမောက်သီးဖော်ရည်ကတေ့ာ အရမ်းကောင်းပါတယ်။ စပျစ်ခြံနဲ့ နဂါးမောက်ခြံရှိတာဆိုတော့ ခြံထွက် စပျစ်ဖျော်ရည်၊ နဂါးမောက်ဖျော်ရည်က လတ်လတ်ဆတ်ဆတ်ပေါ့။
လိပ်စာကတော့ ညောင်ရွှေမြို့ကနေ မိုင်းသောက်သွားတဲ့လမ်းပေါ် ညောင်ဖြူရွာနားမှာရှိပါတယ်။ Inle မြင်းစီးကွင်းသွားတဲ့လမ်းမှာ Little Tree House အကျော် Inle Horse Club မရောက်ခင်မှာရှိပါတယ်။ ဖွင့်ချိန်က မနက်၉ကနေည၆နာရီထိပါ။ ဖုန်းနံပါတ် 09 787 230306 ကိုဆက်သွယ်နိုင်ပါတယ်။






ကဲဒီအိမ်လေးတွေကတော့ နုမြတ် 2018 က သွားခဲ့တဲ့ ညောင်ရွှေ-အင်းလေးခရီးမှာ သဘောကျခဲ့တဲ့ ဆိုင်လေးတွေပေါ့။ တခြားဓာတ်ပုံရိုက်လို့ကောင်းမယ့် စားလို့ကောင်းမယ့်ဆိုင်လေးတွေရှိရင်လည်း လမ်းညွှန်ပါဦးနော်။ ဒီဆိုင်လေးတွေကိုလည်း အကြိုက်တွေ့ရင် Like and Share လုပ်နိုင်ပါတယ်။
ချစ်ခင်လျက်
မနုမြတ်