ဒဏ္ဏာရီထဲက ကမ်းခြေမြို့လေး
ဒူဘရိုနစ်(ခ်) (Dubvronik)
Written by Nu Myat Theingi Oo
ဥရောပတိုက်ရှိ ဘော်လ်ကန် (Balkan) ကျွန်းဆွယ် နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ခရိုအေးရှား(Croatia) နိုင်ငံရဲ့ မြို့တော်က ဇာဂရက်(Zagreb)မြို့ဖြစ်ပေမဲ့ တောင်ဘက်ပိုင်းကမ်းခြေမြို့ ဒူဘရိုနစ်(ခ်) (Dubrovnik) ဟာလည်း ကမ္ဘာလှည့်ခရီးသည်တွေအကြား နာမည်ကျော်ပါတယ်။ ဒူဘရိုနစ်(ခ်)က မြေထဲပင်လယ်ဆိပ်ကမ်းမြို့ဖြစ်ပြီး အဒရီယဲတစ်ပင်လယ်ကမ်းခြေပေါ်မေးတင်နေတဲ့ ရှေးဟောင်းမြို့ကြီးက အရမ်းကို လှပလွန်းလို့ ကမ္ဘာ့အလှဆုံးမြို့တွေထဲ ပါဝင်နေပါတယ်။

၇ရာစုကတည်းက စပြီးလူတွေအခြေချနေထိုင်ခဲ့ကာ ၁၃၅၈ခုနှစ်ကနေ ၁၈၀၈ခုနှစ်အထိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ သမ္မတနိုင်ငံဖြစ်ခဲ့ပြီး ၁၅ရာစုနဲ့ ၁၆ရာစုအတွင်း ကုန်သွယ်ရေးမှာ ထိပ်ဆုံးရောက်ခဲ့ပါတယ်။ မြို့ရဲ့ နာမည်အကြီးဆုံးနေရာကတော့ ခိုင်ခံ့တဲ့ မြို့ရိုးတံတိုင်းကြီးတွေ ကာရံထားတဲ့ မြို့ဟောင်းကြီးပါ။ မြို့ဟောင်းထဲဝင်လိုက်တာနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ ကို ပြန်ရောက်သွားသလို ခံစားခဲ့ရတာပါ။ ကျောက်ခင်းလမ်းမကြီးတွေ၊ ရှေးဟောင်းအဆောက်အအုံတွေ၊ ရုပ်တုကြီးတွေနဲ့ မြို့ဟောင်းကြီးက တကယ့်လေဟာပြင်ပြတိုက်ကြီးပါ။ ဒီမြို့ဟောင်းကြီးကို ၁၉၇၉ ခုနှစ်မှာ ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်စင်တာအဖြစ် အသိအမှတ်ပြုခဲ့ပါတယ်။
မြို့ဟောင်းထဲမှာ ဥရောပရဲ့ ရှေးအကျဆုံး ဆေးဆိုင်ရှိပါတယ်။ ၁၃၁၇ခုနှစ်ကတည်းက အခုထိဖွင့်နေဆဲမလို့ သက်တမ်းအရှည်ကြာဆုံး ဆေးဆိုင်လို့ဆိုရမှာပါ။ အလယ်ပိုင်းခေတ် မိလ္လာစနစ်တွေကိုလည်း ဒီမြို့မှာပဲ အစောဆုံးအသုံးပြုခဲ့တာပါ။ မြို့ဟောင်းထဲက ရေပန်းတွေကခုထိ အသုံးပြုလို့ရတုန်းဖြစ်သလို သောက်ရေသန့်တွေလည်း ပန်းထွက်ပေးနေပါတယ်။ မြို့ဟောင်းထဲက Onofrio ဆိုတဲ့ ရေပန်းကြီးကတော့ အလှဆုံးနဲ့ နာမည်အကြီးဆုံးပေါ့။ မြို့ကိုပတ်လည်ဝိုင်းထားတဲ့ တံတိုင်းကြီးတွေက တအားကိုခိုင်ခံ့ပြီး တချို့နေရာတွေမှာဆို ပေ ၂၀လောက်ထိ အထူရှိပါတယ်။ စစ်ဒဏ်ခံခဲ့ရတာတောင်မှ ရန်သူတွေဒဏ်ကနေ အပေါက်ရာတစ်နေရာတောင်မရှိခဲ့တဲ့အထိ ခိုင်မာခဲ့တာပါ။
ဒူဘရိုနစ်(ခ်)မြို့လေးက စတုရန်းမိုင်ပေါင်း ၈.၂၄မိုင်သာ အကျယ်ရှိလို့ မြို့သေးလေးတစ်မြို့ပါပဲ။ မြို့လေးကသေးတော့ တစ်နေရာနဲ့တစ်နေရာ လမ်းလျှောက်သွားနိုင်ပါတယ်။ မြို့သေးပေမဲ့ ဒဏာရီထဲက ကမ်းခြေမြို့လေးလိုလှပလွန်းတော့ ကမ္ဘာကျော် ဇာတ်လမ်းတွဲဖြစ်တဲ့ Game of Thrones (GOT) ရဲ့ အပိုင်းအတော်များများကို ဒီမြို့လေးမှာ ရိုက်ကူးခဲ့တာပါ။ ရိုက်ကွင်းနေရာကို လာရောက်လေ့လာတဲ့ ခရီးသည်တွေသန်းချီရှိလို့ ရိုက်ကွင်းနေရာတွေလိုက်ပြတဲ့ ခရီးစဉ်သက်သက်တောင် ရောင်းချနေတာကို တွေ့ခဲ့ရပါတယ်။
မြို့ဟောင်းအနောက်နားမှာရှိတဲ့ ဆာ့ဂျ်(Srdj) တောင်ပေါ်ကနေ မြို့ဟောင်းနဲ့ အနီးအနားကကျွန်းတွေကို လှမ်းမြင်ရသလို အနောက်ဘက်ကိုကြည့်လိုက်ရင် Bosnia and Herzegovina နိုင်ငံကိုတောင်လှမ်းမြင်နိုင်ပါတယ်။ ရှုခင်းအရမ်းလှလို့ တောင်ပေါ်ကို မဖြစ်မနေသွားသင့်ပါတယ်။ တောင်ထိပ်ကို ကားလမ်းကနေသွားနိုင်သလို Cable Car စီးပြီးလည်း သွားနိုင်ပါတယ်။
ပင်လယ်ကမ်းစပ်မြို့ဆိုတော့ အနီးအနားမှာ ကျွန်းတွေရှိသလို စက်လှေတွေနဲ့ ကျွန်းပတ်လို့လည်းရပါတယ်။ လှေလှော်ကြ၊ ရွက်လွှင့်ကြနဲ့ ပင်လယ်ပျော်တွေအကြိုက်ပါ။ ဒူဘရိုနစ်ခ်မြို့နားက လိုခရမ် (Lokrum) ကျွန်းက သာယာလှပတဲ့ သဘာဝကျွန်းလေးဖြစ်ပြီး ဘုရင်တွေရဲ့ကျွန်းလို့လည်း အမည်ရပါတယ်။ မြို့အနီးမှာ မာကိုပိုလိုရဲ့ မွေးရပ်မြေ ကောကူလာ (Korcula) ကျွန်းလည်းရှိပြီး သူမွေးခဲ့တဲ့အိမ်ကို ခုထက်တိုင် သွားလည်နိုင်ပါတယ်။ Mljet ကျွန်းရဲ့ အမျိုးသားဥယျာဉ်ကတော့ အရမ်းကိုလှပပြီး Elafite ကျွန်းတွေကလည်း လှပပါတယ်။
ခရိုအေးရှားနိုင်ငံရဲ့ တခြားမြို့တွေကနေ ဒီမြို့ကိုလာဖို့ဆိုရင် တခြားနိုင်ငံကို ဖြတ်ပြီးမှ လာရပါမယ်။ ဘာကြောင့်လဲဆိုတော့ ဒူဘရိုနစ်(ခ်)မြို့နဲ့ တခြားမြို့သေးလေးတွေရှိတဲ့ တောင်ဘက်အစွန်းပိုင်းက ခရိုအေးရှားနိုင်ငံပြည်မကြီးနဲ့ ထိစပ်မနေဘဲ ကြားမှာ ဘော့စ်နီးယားနဲ့ ဟာဇီဂိုးနီးယားနိုင်ငံ (Bosnia & Hazegonia) ခြားထားတာကြောင့်ပါ။ ဒူဘရိုနစ်(ခ်)က နယ်စပ်နားမှာရှိတော့ အဲ့ဒီကနေ ဘော့စ်နီးယားနဲ့ ဟာဇီဂိုးနီးယားနိုင်ငံ (Bosnia & Hazegonia) အပြင် မွန်တီနီဂရိုးနိုင်ငံ (Montenegro)ကိုပါ နေ့ချင်းပြန် သွားရောက်လည်ပတ်နိုင်ပါတယ်။
ဒူဘရိုနစ်(ခ်)မြို့က ပင်လယ်ရေမျက်နှာပြင်ကနေ ဆယ်ပေလောက်သာမြင့်ပြီး စိမ်းပြာလဲ့နေတဲ့ရေပြင်ကျယ်ကြီးနဲ့အတူ ကမ်းခြေအလှတွေလည်းရှိကာ နေရောင်ခြည်များများရတဲ့နိုင်ငံမလို့ ဥရောပတိုက်ရှိ တခြားနိုင်ငံကလူတွေ လာရောက်အပန်းဖြေလေ့ရှိကြပါတယ်။ ဒါကြောင့် အရှေ့ဥရောပရဲ့ နိဗာန်လိုဖြစ်နေတဲ့ ဒူဘရိုနစ်(ခ်)မြို့လေးဟာ အရှေ့ဥရောပနိုင်ငံတွေ သွားလည်မယ်ဆိုရင် မဖြစ်မနေသွားရောက်လည်ပတ်သင့်တဲ့မြို့လေးပါ။
