ဗိသုကာလက်ရာစုံ မြင်တွေ့နိုင်သည့်
ချက်သမ္မတနိုင်ငံ
ချက်သမ္မတနိုင်ငံ(Czech Republic)ကို အတိုကောက်အားဖြင့် ချက်ခီးယား (Czechia)ဟုလည်း ခေါ်ကြပါသည်။ ဥရောပတိုက်အလယ်ပိုင်းက ကုန်းတွင်းပိတ်နိုင်ငံဖြစ်ပြီး တောင်ဘက်မှာ သြစတြီးယား၊ အနောက်ဘက်မှာ ဂျာမနီ၊ အရှေ့မြောက်ဘက်မှာ ပိုလန်နှင့် အရှေ့တောင်ဘက်မှာ ဆလိုဗားကီးယားနိုင်ငံတို့နှင့် နယ်နိမိတ်ထိစပ်နေပါသည်။ တောင်တန်းများ ဝန်းရံထားသောနိုင်ငံဖြစ်ပြီး အကျယ်အဝန်းအားဖြင့် စတုရန်းမိုင် ၃၀၄၅၀ ရှိကာ လူဦးရေ ၁၀.၇သန်းနေထိုင်နေပါသည်။ မြို့တော်မှာ ပရာ့ဂ်(Prague)ဖြစ်ပြီး အခြားထင်ရှားသောမြို့များမှာ Brno၊ Ostrava၊ Olomouc နှင့် Plzeň တို့ပဲဖြစ်ပါသည်။

ချက်နိုင်ငံကို ယခင်က ဆလိုဗားကီးယားနိုင်ငံနှင့်တွဲကာ ချက်ကိုဆလိုဗားကီးယားအဖြစ် သိထားကြပါသည်။ ၁၉၉၃ ခုနှစ်မှ စ၍ ချက်ကိုစလိုဗက်ကီးယားကနေ ငြိမ်းချမ်းစွာရပ်တန့်ကာ နိုင်ငံအသစ်နှစ်ခုဖြစ်သော ဆလိုဗက်သမ္မတနိုင်ငံနှင့် ချက်သမ္မတနိုင်ငံအဖြစ် ခွဲထွက်ခဲ့ကြပါသည်။
ချက်ခ်နိုင်ငံသည်ဗိသုကာနိုင်ငံတစ်ခုဖြစ်ပြီး ဗိသုကာလက်ရာမျိုးစုံကို တစ်နိုင်ငံလုံးတွင် တွေ့မြင်နိုင်ပါသည်။ ချက်နိုင်ငံတွင် ယူနက်စကိုကမ္ဘာ့အမွေအနှစ်နေရာ ၁၄ ခုရှိပြီး အကျော်ကြားဆုံး နေရာများမှာ မြို့ကြီးများ၏သမိုင်းဝင်စင်တာများနှင့် ရဲတိုက်အချို့တို့ပဲ ဖြစ်ပါသည်။
ချက်နိုင်ငံအကြောင်းပြောရမည်ဆိုလျှင် ရဲတိုက်များအကြောင်းချန်ထား၍ မရနိုင်ပါ။ ကမ္ဘာပေါ်တွင် ရဲတိုက်အများဆုံးရှိသည့်နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး တစ်နိုင်ငံလုံးမှာ ရဲတိုက်ပေါင်း ၂၀၀၀ကျော်ရှိနေပါသည်။ ထိုရဲတိုက်များအနက် ပရက်(ဂ်)မြို့မှ ပရက်(ဂ်)ရဲတိုက်ကြီးသည် ကမ္ဘာ့အကြီးဆုံးရှေးဟောင်းရဲတိုက်ကြီး ဖြစ်ပါသည်။ အခြားထင်ရှားသောရဲတိုက်များမှာ Hluboká ရဲတိုက်၊ Orlík ရဲတိုက်၊ Lednice ရဲတိုက်နှင့် Karlštejn ရဲတိုက်တို့ပဲ ဖြစ်ပါသည်။

မြို့တော် ပရာ့ဂ်သည် ဒုတိယကမ္ဘာစစ်အတွင်း ကျယ်ကျယ်ပြန့်ပြန့်ဗုံးကြဲခြင်း မခံခဲ့ရသော ဥရောပရှိတစ်ခုတည်းသောမြို့ကြီးဖြစ်ပါသည်။ ဤအကြောင်းကြောင့် သမိုင်းဝင်စင်တာရှိ အဆောက်အအုံများစွာကို အလယ်ခေတ်က မူလတည်ဆောက်ခဲ့သည့်အတိုင်း တွေ့မြင်နိုင်ပါသည်။ ထို့မျှမက ပရာ့(ဂ်)မြို့၌ အလွန်ပင်အနုစိတ်လှသည့် ရှေးဟောင်း နက္ခတ္တဗေ နာရီလည်းရှိပါသည်။ ထိုနာရီကို ၁၄၁၀ခုနှစ်တွင် တပ်ဆင်ခဲ့သဖြင့် ကမ္ဘာ့ရှေးအကျဆုံးဖြစ်လို့နေပြီး ကမ္ဘာ့တတိယအကြီးဆုံးနက္ခတ္တဗေဒနာရီလည်းပဲ ဖြစ်ပါသည်။

ချက်သမ္မတနိုင်ငံမှာ ပရာ့ဂ်အပြင် အခြားစိတ်ဝင်စားဖွယ်ကောင်းသည့်နေရာများ ရှိပါသေးသည်။ ထင်ရှားသောနေရာများမှာ ပရာ့(ဂ်)မြို့ရှိ ချားလ်စ်တံတား၊ မြို့ဟောင်းရင်ပြင်၊ St. Vitus ဘုရားကျောင်း၊ အမျိုးသားစာကြည့်တိုက်၊ ယူနက်စကိုကမ္ဘာ့အမွေအနှစ်နေရာအဖြစ် အသိအမှတ်ပြုခံထားရသည့် ကူတာဟောရာ (Kutná Hora)မြို့၊ Cesky မြို့ရှိ Krumlov ရဲတိုက်၊ Brno မြို့ရှိ St. Peter and Paul ဘုရားကျောင်းတို့ပဲ ဖြစ်ပါသည်။ ဥရောပစတိုင် Spa အတွေ့အကြုံလိုချင်ပါလျှင် ရေပူစမ်းလေးတွေရှိသော Karlovy Vary မြို့ကို သွားသင့်ပါသည်။

ချက်သမ္မတနိုင်ငံသည် အံ့ဖွယ်ကောင်းသောရှုခင်းများမှ အရိုးများနှင့်တည်ဆောက်ထားသည့် ဘုရားရှိခိုးကျောင်းအထိ ဆန့်ကျင်ဘက်များနှင့်ပြည့်နေသော နိုင်ငံတစ်ခုဖြစ်ပါသည်။ မြေပြင်မှ ထိုးထောင်ထွက်နေသည့် ကျောက်ဆောင်များနှင့် သဘာဝအတိုင်း ထူးခြားလှပနေသည့် Bohemian Paradise၊ Bohemain သစ်တော၊ Šumava အမျိုးသားဥယျာဉ်တို့ကလည်း သဘာဝအလှကြောင့် ထင်ရှားပါသည်။ စစ်ပွဲတွင်သေဆုံးသူများ၊ ပုလိပ်ရောဂါကဲ့သို့ ကပ်ရောဂါများကြောင့် သေဆုံးသူများ၏ရုပ်ကြွင်းများကို ထိန်းသိမ်းတန်ဆာဆင်ထားသည့် စိတ်ဝင်စားဖွယ်နေရာများစွာရှိပါသည်။ Sedlec မြို့ငယ်လေးရှိ လူအယောက် ၇၀၀၀၀ ကျော်တို့၏ ရုပ်ကြွင်းများနှင့် တန်ဆာဆင်ထားသည့် အရိုးဘုရားကျောင်း၊ လူအယောက် ၅၀၀၀၀ ကျော် ရုပ်ကြွင်းနှင့် တန်ဆာဆင်ထားသည့် Brno Ossuary၊ တိုင်းပြည်၏အင်အားအရှိဆုံးမင်းဆက်များကိုရည်စူးထားသော Schwartzenberg သင်္ချိုင်းတို့ပဲ ဖြစ်ပါသည်။

