မုံရွာက
လည်ပတ်စရာနေရာတွေ
🙏ကမ္ဘာ့အမြင့်ဆုံးရပ်တော်မူဘုရားရှိရာ ဗောဓိတစ်ထောင်
🙏ရပ်တော်မူရုပ်ပွားတော်နဲ့ ဘုရားဆင်းတုပေါင်း ၅သိန်းကျော် ရှိရာ မိုးညှင်းသမ္ဗုဒ္ဓေ
🙏နတ်မျောက်ပေါင်း အကောင်၇၀၀ ကျော်ရှိတဲ့ သမိုင်းဝင်ဖိုလ်ဝင်တောင်
🙏လက်ရာအရမ်းမြောက်တဲ့ ကျောက်နံရံထွင်း အဆောက်အအုံကြီးတွေရှိရာ ရွှေဘတောင်
🙏ဆုတောင်းပြည့် ကျောက်ကာရွှေဂူနီ
စတဲ့ တန်ခိုးကြီး ဘုရားတွေ၊ စိတ်ဝင်စားစရာနေရာတွေရှိရာ မုံရွာကို စနေတနင်္ဂနွေရုံးပိတ်ရက်မှာ ဘယ်လိုသွားကြမလဲ လမ်းညွှန်ပေးမယ်နော်
🚐ဘယ်လိုသွားခဲ့လည်း
နုမြတ်တို့က မုံရွာ-စစ်ကိုင်း-မင်းကွန်း-မန္တလေး-ကျောက်ဆည် မြို့ငါးမြို့ကို သောကြာသွား တနင်္လာပြန်အရောက် ကိုယ့်ကားနဲ့ကိုယ် Road Trip ထွက်ခဲ့ကြတာပါ။
မေမေတို့နဲ့ အမတို့မိသားစုကတော့ သောကြာမနက်ကတည်းက ရန်ကုန်ကနေ ကိုယ့်ကားနဲ့ကိုယ်ထွက်ခဲ့ကြပြီး မုံရွာမှာ ညအိပ်ကြတာ။ နုမြတ်ကကျတော့ အလုပ်မပြီးသေးလို့ နောက်မှလိုက်သွားတာ။ ရန်ကုန်ကနေ မုံရွာကို တိုက်ရိုက်ရောက်တဲ့ ညကားနဲ့ သွားခဲ့ပါတယ်။ သောကြာညဘက် ၉နာရီထွက်တဲ့ကားနဲ့သွားတာ မနက်စောစော ၇နာရီလောက်ရောက်ပြီး စနေမနက်မှသူတို့ဟိုတယ်သွား join တာပါ။
စနေနေ့တစ်နေကုန် မုံရွာအနောက်ဘက်ခြမ်းကတောင်တွေနဲ့ မြို့ထဲ ဘုရားတွေဖူးခဲ့ပြီး မုံရွာမှာတစ်ညအိပ်လိုက်တယ်။
တနင်္ဂနွေကျတော့ မန္တလေးဘက်သွားမှာဆိုတော့ မန္တလေးသွားတဲ့ လမ်းကြောင်းမှာရှိတဲ့ ဘုရားတွေ ဖူးရင်း မင်းကွန်းစစ်ကိုင်းက ဘုရားတွေပါဖူးပြီး မန္တလေးမှာညအိပ်ခဲ့တယ်။
တနင်္လာကျတော့ မန္တလေးကဘုရားကြီးဝင်ဖူးပြီး အပြန်လမ်းမှာကျာက်ဆည်က ဘုရားတွေဝင်ဖူးပြီး ရန်ကုန်ပြန်ခဲ့ကြပါတယ်။ ဒီလိုသွားမယ်ဆိုရင်တော့ ၃ညအိပ်- ၄ရက်ကြာပါမယ်။
Weekend မှာသွားလည်မယ်ဆိုရင်
ဒီလိုမှမဟုတ်ဘဲ စနေတနင်္ဂနွေနှစ်ရက်ထဲနဲ့သွားလို့ရတဲ့နည်း ပြောပြပါမယ်။ ကားပေါ်မှာ ညအိပ်တတ်ဖို့တော့ လိုတာပေါ့နော်။ မုံရွာကို တိုက်ရိုက်ရောက်တဲ့ ညကားနဲ့ သောကြာနေ့ညဘက်အိပ်ပြီးလိုက်သွား။
စနေ၊ တနင်္ဂနွေ ၂ရက်စာ မုံရွာမှာ ကားဌားပြီး မုံရွာအနှံ့လျှောက်လည်ကြပေါ့။ စနေနေ့တစ်ရက်ပဲ မုံရွာမှာ ညအိပ်ရမှာ။ တနင်္ဂနွေညဘက်မှ ညကားနဲ့ ရန်ကုန်ပြန်လာ။ တနင်္လာမနက်ပြန်ရောက်တော့ အတော်ပဲပေါ့။
ရန်ကုန်ကနေ မုံရွာကို လေယာဉ်လည်း ပြေးဆွဲပါတယ်။ လေယာဉ်ကတော့ တစ်ပတ်မှာ သုံးရက်ပဲဆွဲတယ်လို့ ကြားပါတယ်။
🚌ဘယ်တွေသွားလည်ကြမလည်း
မုံရွာမှာက အနောက်ဘက်ခြမ်းကိုတစ်ရက် အရှေ့ဘက်ခြမ်းကိုတစ်ရက် နှစ်ရက်အပြည့်လည်စရာရှိပါတယ်။ ဒီ Post မှာတော့ နုမြတ်တို့သွားလည်ခဲ့တဲ့အစဉ်အတိုင်းရေးပြမယ်နော်။ နုမြတ်တို့က ပထမတစ်ရက်မှာ အနောက်ဘက်ခြမ်းမှာရှိတဲ့ တောင်သုံးတောင်နဲ့ မြို့ထဲဘုရားတွေ သွားဖူးခဲ့တယ်။ ဒုတိယတစ်ရက်မှာတော့ မန္တလေးသွားရင်း မိုးညှင်းသမ္ဗုဒ္ဓေနဲ့ ဗောဓိတစ်ထောင်ဝင်ဖူးခဲ့ပါတယ်။
🏞အင်ကြင်းတောင်
အနောက်ဘက်က တောင်တွေဘက်သွားလည်မယ်ဆိုတော့ လူသိပ်မရောက်ဖြစ်တဲ့ အင်ကြင်းတောင်ကို အရင်သွားခဲ့တယ်။ အင်ကြင်းကျောက်တောင်နံရံတွေ၊ ဂူတွေမှာ ဆင်းတုတွေ၊ ရုပ်တုတွေ အများကြီးတွေ့ခဲ့ရတယ်။ ကျောက်ကုတင်၊ ကျောက်ရေတွင်း၊ ကျောက်လိပ်၊ ကျောက်သပိတ်တို့လည်းရှိတယ်။ကျောက်ကုတင်နဲ့ ကျောက်နံရံထွင်းလျောင်းတော်မူဘုရားတို့ကတော့ ထူးထူးခြားခြားပါပဲ။
🏞ဖိုလ်ဝင်တောင်
ဖိုလ်ဝင်တောင်ကတော့ နတ်မျောက်တွေအများကြီးရှိတဲ့တောင်ကြီးပါ။ ဘုရားပွဲရှိလို့ လူတွေများလာတဲ့အခါမှာ မျောက်တွေအလိုလိုပျောက်သွားကြတယ်။ ဘုရားပွဲပြီးမှ မျောက်တွေပြန်ရောက်လာကြတာ။ မျောက်ကောင်ရေပေါင်း ၇၀၀ ကျော်တောင်ရှိတာတဲ့လေ။ မျောက်ကြောက်တတ်ရင်တော့ မသွားသင့်ဘူး။ မျောက်တွေက အန္တရာယ်မပြုပေမဲ့ ဗိုက်အရမ်းဆာနေကြတာဆိုတော့ အစာအရမ်းတောင်းစားတယ်။ မုန့်မျောက်တွေက သိပ်လည်တယ်။ သူတို့ကို အစာကျွေးတဲ့သူကို မှတ်ထားတတ်ကြတယ်။ သူတို့ကိုကျွေးတဲ့သူနောက်လိုက်တောင်းတတ်ကြတယ်။
ကားပေါ်ကဆင်းဆင်းခြင်းမှာတင် မျောက်လေးတွေကို စတွေ့နေရပြီ။ ကျောက်ပန်းခတ်သရဖူဆိုတာလေး လာရောင်းတယ်။ တောင်ပေါ်မှာပေါက်တဲ့ သစ်ခက်လေးတွေကို သရဖူပုံစံ သီထားပြီး ပန်းလှလှလေးတွေ ထိုးထားတာ။ တစ်ခုမှ ၅၀၀ ပဲ တန်မှတန်။ အမြင်လေးလည်းဆန်းတယ်။ တချို့ရာသီတွေမှ ရှိတာတဲ့လေ။
ဖိုလ်ဝင်တောင်မှာ ကိုးနဝင်းကြေအောင် ကိုးဌာနက ဘုရားအဆင့်ဆင့်ကို တောင်တက်ပြီးဖူးရတယ်။ ကျောက်ကမ္ဘားယံတွေမှာထွင်းထုထားတဲ့ ဗုဒ္ဓရုပ်ပွားတော်ပေါင်း ၄၄၆၄၄၄ဆူ (၄သိန်း၄သောင်းကျော်)ရှိပါတယ်တဲ့။ မှတ်ရလွယ်အောင် ရွှေလသာဝါဝါ၀င်းလို့လည်း မှတ်ထားကြတယ်တဲ့။ မျောက်တွေတရုံးရုံးနဲ့ တောင်ပေါ်တက်ရင်းနဲ့ ကျောက်ဂူတွေထဲတည်ထားခဲ့တဲ့ ကျောက်ဆင်းတုတွေဖူးခဲ့ရပါတယ်။
အဲဒိတောင်ကို ဝိဇ္ဇာဦးဖိုးဝင်းထွက်ရက်ပေါက်တဲ့ နေရာမို့လို့ အဲဒါကိုအစွဲပြုပြီး ဖိုးဝင်းတောင်လို့ခေါ်သလို ဖိုလ်ဝင်တောင်လို့လည်း ခေါ်ကြပါတယ်။ ဦးဖိုးဝင်း တရားထိုင်ခဲ့တဲ့ တောင်ပေါ်က ကျောက်ဂူထဲမှာ ဘုရားဆင်းတုတွေ တည်ထားကိုးကွယ်ထားပြီး ဆေးကျောက်ပျဉ်လည်းတွေ့ခဲ့ရပါတယ်။
🏔ရွှေဘတောင်
မုံရွာက ရွှေဘတောင်ကို မြန်မာနိုင်ငံက Petra လို့ပဲ တင်စား ပလိုက်ချင်တယ်။ ကမ္ဘာ့အံ့ဖွယ်တစ်ပါးဖြစ်တဲ့ ဂျော်ဒန်နိုင်ငံက ပီထရာမြို့ဟောင်းလိုပဲ ရွှေဘတောင်က ကျောက်တောင်နံရံတွေမှာ အဆောက်အအုံတွေကို ထွင်းထုထားတာ အရမ်းလက်ရာမြောက်တာပဲ။ သူက ဖိုလ်ဝင်တောင်နားမှာရှိလို့ ဖိုလ်ဝင်တောင်နဲ့ တစ်ဆက်တည်းသွားလို့ရတယ်။
ရိုးရိုးမြေနီလမ်းကြားလေးကနေ ကျောက်နံရံကြီးတွေကြားထဲဗြုန်းခနဲရောက်သွားတော့ အံ့အားသင့်စရာပေါ့။ ကျောက်တောင်ကြီးတွေကို ထက်ခြမ်းပိုင်းထားသလိုဖြစ်နေတဲ့ ကြားထဲက ကျောက်လှေကားထစ်တွေအတိုင်း ဆင်းသွားတဲ့အခါ လှပတဲ့ အဆောက်အအုံ၂ခုကို တစ်ဖက်တစ်ချက်မှာတွေ့လိုက်ရတယ် ။ ဆန်းတာက အဲ့အဆောက်အအုံတွေက ကျောက်တောင်ကြီးကို ထွင်းထုထားတာတဲ့။ ပိုဆန်းတာက အဲ့လို လက်ရာမြောက် ကျောက်နံရံထွင်း အဆောက်အအုံကြီးတွေ အထဲမှာ အများကြီးပဲ။ ဘုရားတည်ထားတဲ့ အဆောင်တွေ၊ ရဟန်းတွေ သီတင်းသုံးတဲ့ အဆောင်တွေ၊ လူတည်းဇရပ်တွေ၊ မီးဖိုခန်းတွေနဲ့ ကျောင်းဝင်းကျယ်ကြီးတစ်ခုစာလောက်ကျယ်တယ်။ ဆင်းတုတွေ၊ ရုပ်တုတွေ၊ ဆင်ဝင်တွေ၊ ကနုတ်ပန်းတွေနဲ့ မြင်မြင်သမျှအရာရာတိုင်းက ကျောက်တောင်ကြီးကိုထွင်းထုထားတာပါတဲ့။ အနော်ရထာမင်းကြီးနဲ့ ခေတ်ပြိုင် ဗန္ဓဝမင်းကြီးလက်ထက်က ပန်းချီဝန် ဦးရွှေဘ ဦးစီးကာစိတ်ကူးပုံဖော်ထားလို့ ရွှေဘတောင်လို့ခေါ်တာပါတဲ့။
🙏ရွှေတောင်ဦးဘုရား
ချင်းတွင်းမြစ်ကမ်းနဘေးတောင်ပေါ်မှာရှိပြီး ညနေစောင်းရှုခင်းတွေ သိပ်လှတယ်လို့ သိရပါတယ်။ မနက်ထွက်တာနောက်ကျတော့ တောင်သုံးတောင်ပြီးတဲ့အခါမှာ ညနေ ၃နာရီလောက်ရှိနေပါပြီ။ ဗိုက်ကလည်း အရမ်းဆာတာနဲ့ ဒီဘုရားက လမ်းကြုံနေပေမဲ့ ဝင်မဖူးဖြစ်လိုက်ရပါဘူး။
သတိထားရမှာက တောင်တွေဆီသွားမယ်ဆိုရင် မုံရွာမြို့ထဲကနေ ၁နာရီလောက်မောင်းရတာကြောင့် အသွားအပြန် ၂နာရီရယ်။ ဟိုမှာနေမှာက ၂-၃နာရီဆိုတော့ စုစုပေါင်း ၅နာရီလောက်မှန်းထားမှရမှာပါ။
🏞တွင်းတောင်
ဆေးဘက်ဝင် Spirulina စိမ်းပြာရေညှိထုတ်တဲ့ ရေအိုင်လို့ပြောတယ်။ ရေတွေက ကြည်မြစိမ်းစိုနေတာပဲတဲ့။ အဲ့နားက ရှုခင်းတွေလည်း သိပ်လှတယ်လို့ ပြောကြတယ်။ အဲ့ဘက်ကိုသွားမယ်ဆိုရင်တော့ အချိန်တော်တော်ပေးရမယ်။ နုမြတ်တို့ကတော့ရက်နည်းနေလို့ မရောက်ခဲ့ရပါဘူး။
🙏ကျောက်ကာရွှေဂူနီ
ထမင်းစားပြီးတာနဲ့ မြို့ထဲဘက်ပြန်ရောက်လာတော့ ကျောက်ကာရွှေဂူနီဘုရားပါ ဝင်ဖူးခဲ့ပါတယ်။ တကယ်က အရှေ့ဘက်မှာ ရှိတာဆိုတော့ နောက်ရက်မှ အရှေ့ဘက်သွားရင်းလည်း ဝင်ဖူးနိုင်ပါတယ်။ တန်ခိုးကြီးဘုရားမို့လို့ ရပ်ဝေးရပ်နီးက ဘုရားဖူးတွေနဲ့ပြည့်နေပါတယ်။ ဘုရားဝင်းထဲမှာ ကျောက်ပျဉ်နဲ့ သနပ်ခါးရောင်းတဲ့ဆိုင်တွေ အများကြီးမို့လို့ သနပ်ခါးချစ်သူတွေ အားပေးနိုင်ပါတယ်။ ယွန်းထည်တွေလည်း နာမည်ကြီးပါတယ်။
🙏မြို့ထဲဘုရားများ
ညဘက်မှာတော့ မြို့ထဲနာရီစင်နားက ရွှေစည်းခုံဘုရားနဲ့ ဆုတောင်းပြည့်ဘုရားတို့ကိုလည်း ဖူးမြော်ခဲ့ပါသေးတယ်။
🙏မိုးညှင်းသုမ္ဗုဒ္ဓေ
ခေတ်စကားနဲ့ပြောရမယ်ဆိုရင်ဖြင့် ဒီဇိုင်းကာလာ အနေအထားဟာဖြင့် အတွဲအစပ် အလှဆုံး ဘုရားကျောင်းလို့ ပြောရမှာပါ။ ဘုရားမုခ်ဦး တစ်ဖက်တစ်ချက်မှာရှိတဲ့ အဆောက်အအုံနှစ်ခုမှာတင် တော်တော်ကို သဘောကျနေတာပါ။ လက်ရာမြောက်ကနုတ်တွေ၊ ချစ်စရာကောင်းတဲ့ ရုပ်တုတွေနဲ့ ပန်းနုရောင်၊ အစိမ်းနုရောင် အဆောက်အအုံတွေက ထူးခြားပါတယ်။ ဘုရားကျောင်းကြီးကလည်း လေးဘက်လေးတန်လျှောက်လမ်းတလျှောက် ပန်းနု၊ အစိမ်းနု၊ အဝါနုစတဲ့ အရောင်နုလေးတွေ စပ်ထားတဲ့ လက်ရာမြောက်ရုပ်တုတွေ၊ ကနုတ်ပန်းတွေနဲ့ တကယ်ကိုလှပါတယ်။ ဘုရားကျောင်းတွေမှာ တွေ့ရခဲတဲ့ အရောင်အတွဲအစပ်တွေပါ။ အရောင်နုနုလေးတွေကြိုက်တဲ့ ကျွန်မအတွက်တော့ ဘယ်နေရာကြည့်ကြည့်လှနေပါတယ်။
ဘုရားဆောင်ကြီးထဲလည်းဝင်လိုက်ရော ပိုလို့တောင် အံ့သြဖို့ကောင်းနေတာကို တွေ့လိုက်ရပါတယ်။ ပတ်ပတ်လည်ကြည့်လိုက်ရင် ဝင်္ဂဘာလိုဖြစ်နေပြီး အပေါက်ဝတိုင်း ရပ်တော်မူဆင်းတုတွေ တစ်ဖက်တစ်ချက်ရှိနေတာ ဆန်းကြယ်လှပါတယ်။ နံရံနဲ့ မျက်နှာကျက်တွေမှာလည်း နေရာလွတ်မကျန် အုတ်ခွက်ဘုရားတွေ မြောက်များစွာထွင်းထုထားတာ တကယ်ကို အမြင်ဆန်းပါတယ်။ ဘုရားဆင်းတုပေါင်း ၅၇၃၈၈၈ဆူရှိတယ်လို့ သိရပါတယ်။ ၅သိန်း၇သောင်းကျော်တောင်ဆိုတော့ အများကြီးနော်။ ၁၀နှစ်ကျော်ဆောက်လုပ်ခဲ့ရတယ်တဲ့။
🙏ဗောဓိတစ်ထောင်နဲ့ ရပ်တော်မူရုပ်ပွားတော်ကြီး
ကမ္ဘာ့အမြင့်ဆုံး ရပ်တော်မူ ရုပ်ပွားတော်ကြီး မြန်မာနိုင်ငံမှာရှိနေတာ ဂုဏ်ယူစရာပါ။ ဉာဏ်တော်အမြင့် ပေပေါင်း ၄၂၄ ပေမြင့်မားလို့ အရင်က အမြင့်ဆုံးဖြစ်ခဲ့တဲ့ ဂျပန်နိုင်ငံ “ယူရှီကူအမိဒ” ရပ်တော်မူဘုရားကြီး (ဉာဏ်တော်အမြင့်ပေ ၃၉၃ ပေ ၉ လက်မ) ကို ကျော်လွန်ပြီး ကမ္ဘာ့စံချိန် တင်ခဲ့တာပါ။ ဗောဓိတစ်ထောင် ဆရာတော်ဘုရားကြီးက ၁၉၉၅ ခုနှစ်ကနေ ၂၀၀၇ ခုနှစ် အထိ ၁၂နှစ်ကြာ တည်ဆောက်ခဲ့တာတဲ့။ ဗောဓိတစ်ထောင်မှာ အထပ်ပေါင်း ၂၅ထပ်ရှိပြီး ဓာတ်လှေကားရှိပေမယ့် ပျက်နေတာကြောင့် လမ်းလျှောက်တက်ခဲ့ရတယ်။ ငရဲအထပ်ထပ်၊ နတ်ပြည်အထပ်ထပ်ကို တစ်ထပ်ခြင်းဆီ နံရံပန်းချီများနဲ့ ရှင်းပြထားတာ စိတ်ဝင်စားစရာကောင်းလှပါတယ်။
ရပ်တောမူအပြင် ဧရာမလျောင်းတော်မူရုပ်ပွားတော်ကြီးလည်း ဖူးမြော်ခဲ့ရသလို ဧရာမထိုင်တော်မူ ရုပ်ပွားတော်ကြီး တည်ဆောက်ဆဲဖြစ်နေတာကိုလည်း တွေ့ခဲ့ရပါတယ်။ တည်ဆောက်ပြီးရင် ကမ္ဘာ့အကြီးဆုံးထိုင်တော်မူဘုရားကြီး ဖြစ်လာမှာပါတဲ့။
ဗောဓိတစ်ထောင်ဝင်းထဲမှာ ဗောဓိပင်တစ်ပင်မှာ ဘုရားဆင်းတုတော်တစ်ဆူစီနဲ့ ဗောဓိပင်ပေါင်းတစ်ထောင်ကျော်နဲ့ဘုရားဆင်းတုတော်ပေါင်း တစ်ထောင်ကျော်ကို ဖူးမြော်နိုင်ပါတယ်။ အညာဒေသ မိုးခေါင် ရေးရှား ပြီး ခြောက်သွေ့တဲ့ ဒီလို နေရာမျိုးမှာ ဗောဓိတစ်ပင်ကိုပင် ရှင်သန်အောင် စိုက်ပျိုးဖို့ မလွယ်တဲ့ နေရာဒေသမှာ ဗောဓိပင်ပေါင်း ၁၀၀၀ စိုက်ပျိုးထားတာ မလွယ်ပါဘူး။
ကျောက်နဂါးနဲ့ ကျောက်ကလေး
ဒီတစ်ခေါက်မှာတော့ အချိန်မရှိလို့ မရောက်ခဲ့လိုက်ရဘူး။ ဒီနေရာက မုံရွာ မန္တလေးအမြန်လမ်းကနေ မြောင်မြို့နယ် လမ်းခွဲမှာ ကျောက်နဂါး လမ်းညွှန်ဆိုင်းဘုတ်တွေအတိုင်း နာရီဝက်လောက် မောင်းဝင်ရပါတယ်တဲ့။ အဲ့မှာ ကျောက်နဂါးဆိုတာ အင်ကြင်းကျောက်ကြီးက တကယ်ကို နဂါးပုံဖြစ်နေတာ။ နဂါးမှ နဂါးအကြီးကြီး။ ပဌာန်းဆက်တွေနဲ့ လာရောက်လှူဒါန်းသူတွေ၊ အဓိဌာန်အောင်ပွဲပေးသူတွေ အများကြီးပဲတဲ့။ နဂါးဆက် သိုက်ဆက် ရှိသူတွေဆို ပိုပြီးထူးခြားသတဲ့လေ။
အဲဒီမှာ အနှီးပိုက်ထားတဲ့ ကလေးပုံ ကျောက်တုံးလေးလည်းရှိပြီး ကျောက်ကလေးလို့ခေါ်ပါတယ်။ ကလေးလိုချင်တဲ့သူတွေ၊ ကလေးနာမကျန်းဖြစ်နေရင် ကျောက်ကလေးကိုပွေ့ချီချော့သိပ်ပြီး ဆုတောင်းရင် ဆုတောင်းပြည့်တယ် ဆိုကြပါတယ်။ ကျောက်ကလေးအတွက် လာလှူဒါန်းထားကြတဲ့ ကလေးအရုပ်တွေလည်းအများကြီး။ ပုခက်ပေါ်မှာအပြည့်။ အရုပ်တွေကို အခန်းတစ်ခန်း သက်သက်ထားရတယ်လို့ သိရပါတယ်။
🏩ညအိပ်မယ်ဆိုရင်
နုမြတ်တို့ကတော့ မြို့ထဲက King and Queen Hotel မှာတည်းတာ။ အရမ်းကို အဆင်ပြေပါတယ်။ သွားရလာရ အဆင်ပြေပြီး အခန်းတွေလည်း သန့်တယ်။ ကျယ်တယ်။ မနက်စာလည်းကောင်းတယ်။
မြို့ထဲမှာ Hotel Chin Dwin ဆိုတာလည်းရှိတယ်တဲ့။ Win Unity Hotel မှာဆိုရင်တော့ ဘန်ဂလိုတွေလည်းရှိပေမယ့် မြို့နဲ့ နည်းနည်းလှမ်းပါတယ်။ အသစ်ဖွင့်ထားတဲ့ Shwe Taung Tan Hotel လည်း မြို့ထဲနဲ့ နည်းနည်းဝေးပါတယ်။
🍽အစားအစာစားမယ်ဆိုရင်
ညဈေးသွားပြီး ဒေသစာတွေမြည်းစမ်းကြည့်ပါ။ ချင်းနဲ့နီးတော့ ဆာဗူးတောင်း ချင်းဆန်ပြုတ်ဆိုတာလည်း စားလို့သိပ်ကောင်းတယ်။ ပြောင်းဆန်ကိုပြုတ်ထားတာ စေးစေးလေး။ သူ့ချည်းစားလည်းကောင်းတယ်။ အသားတစ်ခုခုထည့်စားရင်တော့ ရှယ်ပေါ့။ အသားမပါ ၅၀၀ကျပ်။ အသားပါရင် ၂၀၀ ထပ်ပေါင်း။ တန်လိုက်တာနော့။ သူနဲ့တွဲစားတဲ့ ငရုတ်သီးကိုတော့ အများကြီး မထည့်နဲ့ပေါ့နော်။ ငရုတ်သီးက အရမ်းအရမ်းကို စပ်လို့ပါ။ ညဈေးက မုန့်ပေါင်းနဲ့အကြော်၊ ထပ်တရာကိုလည်း စားဖို့ ညွှန်းကြတယ်။ နွားနို့ဆိုလည်း စစ်မှစစ်တဲ့။
ဒီခရီးမှာ အကြိုက်အတွေ့ဆုံးကတော့ စိမ်းဝါနီ မြန်မာဘူဖေးဆိုင်။ ဟင်းပွဲတွေ အများကြီးလာချပေးပြီး ကြိုက်တဲ့ ဟင်းကြိုက်သလောက်အဝစား။ တစ်ယောက်မှ၂၅၀၀ ကျပ်ပဲ။ စွန်းတန်လွန်းပါတယ်ကွာ…
နောက်တစ်နေ့မှာတော့ ဗောဓိတစ်ထောင်သွားရင်း ဝင်ပေါက်က ရာမညထမင်းဆိုင်မှာ မြန်မာထမင်း၊ ဟင်း ဘူဖေးစားလို့ရပါတယ်။ ကြေးရုပ်နားမှာ ညနေလောက်မှဖွင့်တဲ့ နှင်းဆီခိုင်ဒန်ပေါက်လည်း ဒီက ဒန်ပေါက်နဲ့ မတူ သိပ်ကောင်းဆိုပဲ။ မုံရွာ ဝက်အူတောင့် (ဝက်အူချောင်း)ရယ်၊ ကျောက်ကာလမ်းပေါ်က တွတ်ပီဝက်သားတုတ်ထိုး Mini Pot လေးတွေနဲ့ထည့်ပေးတာရယ်လည်း စားလို့ကောင်းတယ်တဲ့လေ။
🛍လက်ဆောင်ဝယ်မယ်ဆိုရင်
အပြန်လက်ဆောင်ဆိုရင်တော့ သနပ်ခါးထွက်တဲ့ဒေသမို့လို့ သနပ်ခါးချစ်သူတွေ အကြိုက်ပါ။ သနပ်ခါးတုံးကြီးတွေ အကြီးကြီးတွေ။ အရမ်းလည်းတန်တယ်။ ကျောက်ပျဉ်ရောင်းတဲ့ဆိုင်တွေဆိုလည်း တကယ်အများကြီး။
ဘုရားတွေမှာ ကြယ်ပဲ၊ ခွေးလျားသီး၊ နေကြာစေ့၊ ကြက်ဥမြေပဲ၊ ဆီးထန်းညက်နဲ့ ဒေသထွက် အစားအစာတွေ အများကြီးရောင်းတယ်။
မြိုကထဲကဆိုင်တွေမှာတော့ အိန္ဒိယကုန်စုံဆိုင်တွေမှာ ဆာရီစတွေ တန်မှတန်။ ဝမ်းဆက်တစ်စကိုမှ ၂၀၀၀ကျပ်ဝန်းပဲ။ ထမီနဲ့ အင်္ကျီချုပ်လို့ရတဲ့ အဆင်လှလှလေးတွေ အများကြီးပဲ။
ဒီလောက်ဆိုရင် မုံရွာအကြောင်း တစေ့တစောင်းတော့ သိပြီထင်ပါတယ်။ မုံရွာကို အလောင်းတော်ကဿပ သွားဖူးရင်းနဲ့လည်း ရောက်ဖူးကြမှာပါ။ ဒီ Post ကတော့ အလောင်းတော်ကဿပရာသိမဟုတ်ဘဲနဲ့လည်း မုံရွာကို ရုံးပိတ်ရက်တွေမှာ ဘယ်လိုသွားနိုင်သလဲဆိုတာ ပြောပြပေးထားတာပါ။
အားလုံးပျော်ရွှွှင်ချမ်းမြေ့ဖွယ်ရာ သီတင်းကျွတ်အခါသမယဖြစ်ပါစေနော်။
နုမြတ်
#HuaweiP10 #Leicadualcamera
#numyataroundtheworld #Monywa