စုံတွဲတွေရဲ့ အိပ်မက်ကျွန်းလေး ဆန်တိုရီနီ (Santorini)

စုံတွဲတွေရဲ့ အိပ်မက်ကျွန်းလေး ဆန်တိုရီနီ

Snapseed-34

ဂရိလို့ပြောလိုက်တာနဲ့ ရေပြာပြာနောက်ခံနဲ့ ချစ်စဖွယ်အိမ်ဖြူဖြူလေးတွေကို မြင်မိကြမှာပါ။ ပင်လယ်ကမ်းစပ်ကျောက်ကမ်းပါးတွေမှာ အစီအရီထပ်နေတဲ့ ဖွေးဖွေးဖြူဖြူ ချစ်စဖွယ်အိမ်လှလှလေးတွေ ရှိတဲ့နေရာကတော့ ဆန်တိုရီနီ(Santorini) လို့ခေါ်တဲ့ကျွန်းပဲဖြစ်ပါတယ်။ ရေပြာပြာနောက်ခံထားတဲ့ ကျောက်ကမ်းပါးနီနီ၊ အိမ်ဖြူဖြူ၊ ခေါင်မိုးပြာပြာဘုရားကျောင်းတွေနဲ့ ဆန်တိုရီနီကျွန်းက ရှုခင်းတွေက လှလွန်းလို့ ကမ္ဘာ့ကဗျာအဆန်ဆုံးနေရာတစ်ခုလို့ ပြောကြပါတယ်။ မြင်မြင်သမျှ အဆောက်အဦးတိုင်းဟာ အရောင်နုနုလေးတွေနဲ့ ချစ်ဖို့ကောင်းနေပြီး ဓာတ်ပုံ ရိုက်ချင်စရာတွေချည်းပါပဲ။ Romantic ဖြစ်လွန်းလို့လည်း Pre Wedding ဓာတ်ပုံတွေ လာရိုက်တာတို့၊ Honeymoon ထွက်တာတို့နဲ့ ပျော်စရာကြီးပါ။ ဒါကြောင့်မို့လို့လည်း ဆန်တိုရီနီကျွန်းဟာ တစ်ကမ္ဘာလုံးရှိ စုံတွဲတွေရဲ့ Dream Destination လို့လည်း ဆိုကြပါတယ်။ အခုက မင်္ဂလာဆောင်ရာသီဖြစ်လို့ ဒီဝါကျွတ်လက်ထပ်ကြမယ့် ကြင်စဦးဇနီးမောင်နှံတွေ အနေနဲ့ ပျားရည်ဆမ်းခရီးထွက်တဲ့အခါမှာ စဉ်းစားနိုင်အောင် ဆန်တိုရီနီကျွန်းလေးအကြောင်းကို ဒီ Issue မှာ ရေးသားဖော်ပြလိုက်ရပါတယ်။

IMG-6478

ဆန်တိုရီနီဆိုတာ

ဆန်တိုရီနီဆိုတာ မြေထဲပင်လယ်ထဲရှိ အေဂျင်ပင်လယ်တွင်းက ဂရိကျွန်းစုတစ်စုပါ။ တကယ့်နာမည်ရင်းက သီရာ(Thira) ကျွန်းဖြစ်ပေမဲ့ ကမ္ဘာလှည့်ခရီးသည်များအကြား ဆန်တိုရီနီလို့ပဲ အသိများပါတယ်။ ဒီကျွန်းစုလေးဟာ အလှအပတစ်ခုတည်းကြောင့်မဟုတ်ဘဲ သူ့ရဲ့သမိုင်းဝင်တဲ့အချက်ရယ်၊ ထူးခြားတဲ့ ပထဝီမြေအနေအထားရယ်ကြောင့်လည်း ကမ္ဘာကျော်တာပါ။

နောက်ပိုင်းလေ့လာမှုတွေအရ ပလေတိုရဲ့ဒဏ္ဏာရီတစ်ခုဖြစ်ခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း၉၅၀၀ကျော်က ရေအောက်ကမ္ဘာထဲ ပျောက်ဆုံးသွားတဲ့ အတ္တလန္တိတ်မြို့တော်ကြီးဟာ ဆန်တိုရီနီကျွန်းမှာရှိခဲ့တယ်လို ယူဆနေကြပါတယ်။ ဘာကြောင့်လဲဆိုတော့ လခြမ်းပုံဆန်တိုရီနီကျွန်းဟာ အခုက လခြမ်းပုံလိုဖြစ်နေပေမဲ့ ဟိုးအရင်တုန်းက စက်ဝိုင်းပုံပါတဲ့။ လွန်ခဲ့တဲ့ နှစ်ပေါင်းသောင်းချီက ကျွန်းပေါ်ရှိ မီးတောင်ကြီး ပေါက်ကွဲလာတဲ့အခါ မီးတောင်ပတ်လည် မြေသားတွေ ရေထဲအကုန်နစ်မြုပ်ကုန်တာကြောင့် စက်ဝိုင်းအနားသတ်ပဲကျန်တော့လို့ လက်ရှိမြင်ရတဲ့ လခြမ်းပုံဖြစ်ပေါ်လာတာပါ။ မြုပ်သွားတဲ့ထဲမှာ အတ္တလန္တိတ်မြို့တော်ကြီးလည်းပါပြီး လက်ရှိ ဆန်တိုရီနီကျွန်းကြီးပေါ်မှာ ကျန်ရှိနေတဲ့ Akrotoni မြို့ပျက်ကြီးက အဲ့ဒီမြို့ကြီးနဲ့ဆက်စပ်နေပါတယ်လို့ ယူဆနေကြပါတယ်။

santorini-volcano

မီးတောင်ရှင်ကြီး

ဆန်တိုရီနီကျွန်းမကြီးအပါအဝင် ကျွန်း၃ကျွန်းက ခလယ်က မီးတောင်ကြီးကို ပတ်လည်ဝိုင်းထားသလိုဖြစ်နေပါတယ်။ အဲဒီမီးတောင်ကြီးရာဇဝင်ကလည်း ဆန်းကျယ်ပါတယ်။ ဲ့ ၁၆၁၃BCက ဆန်တိုရီနီမှာဖြစ်တဲ့ ကမ္ဘာ့ဒုတိယအပြင်းထန်ဆုံးမီးတောင်ပေါက်ကွဲမှုထပ်ဖြစ်ပြီး ရေထဲမြုပ်သွားတဲ့ ကျွန်းအလည်သားနဲ့အတူ မီးတောင်ကြီးပါမြှုပ်သွားခဲ့ပြီး ၄၆BCကနေ ပင်လယ်ထဲကစပေါ်လာကာ ၁၉၄၀ခုနှစ်အထိ နှစ်ပေါင်းမြောက်များစွာအတွင်း ချော်ခဲတွေနဲ့ ပြည့်နေတဲ့ မီးတောင်ကြီးဖြည်းဖြည်းချင်းဖြစ်ပေါ်လာတာပါ။ ဒီမီးတောင်ကြီးက ၁၉၅၀ခုနှစ်မှာနောက်ဆုံးအဖြစ် ၂၂ရက်ကြာပေါက်ကွဲထားပြီး အခုထိမီးတောင်ရှင်အဖြစ်ရှိနေပါတယ်။ ဒီမီးတောင်ကျွန်းပေါ်ကျွန်မတို့ ဧပြီလတုန်းက ဆန်တိုရီနီသွားလည်ရင်း သွားလေ့လာခဲ့တုန်းကဆို ချော်ခဲတောင်ပေါ်မှာ အငွေ့တွေထွက်နေဆဲပဲဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။

Snapseed-79

မီးတောင်ပေါက်ကွဲထားလို့ ဆန်တိုရီနီကျွန်းကြီးဟာ ဥပမာပြောရမယ်ဆိုရင်ဖြင့် လမုန့်ကြီးတစ်ခုကို ဓားနဲ့လှီးလိုက်သလို တစ်ဘက်က တုံးတိကြီး ဖြစ်နေပြီး တစ်ဘက်ကတော့ ခပ်ပြေပြေလေးဖြစ်နေပါတယ်။ မီးတောင်ဘက်ခြမ်းမှာ မတ်စောက်တဲ့ ကျောက်ကမ်းပါးကြီးတွေရှိနေပြီး ကျန်တစ်ဖက်မှာတော့ ပုံမှန်ကျွန်းတွေလို ပြေပြစ်တဲ့ကမ်းခြေတွေရှိနေပါတယ်။ ဒါပေမဲ့ တခြားကျွန်းတွေနဲ့မတူ ထူးခြားတာကတော့ ချော်ရည်တွေကြောင့် ကမ်းခြေတွေမှာ သဲမည်းကမ်းခြေ၊ သဲနီကမ်းခြေ၊ သဲဖြူကမ်းခြေဆိုပြီး အမျိုးမျိုးရှိနေတာပါ။ ကျောက်ကမ်းပါးဘက်အခြမ်းမှာတော့ ကမ္ဘာကျော်ထုံးအိမ်ဖြူဖြူလေးတွေ အစီအရီရှိနေပါတယ်။

ဗီဇာဘယ်လိုလျှောက်မလဲ

ဥရောပနိုင်ငံဖြစ်တဲ့ ဂရိကို သွားလည်မယ်ဆိုရင် ဥရောပဗီဇာဖြစ်တဲ့ ရှန်ဂန်ဗီဇာ လျှောက်ရပါမယ်။ ရှန်ဂန်ဗီဇာရှိပါက ဥရောပနိုင်ငံအတော်များများကို သွားလို့ရပါတယ်။ တစ်နိုင်ငံကနေတစ်နိုင်ငံကူးရတာ သိပ်လွယ်ပါတယ်။ ဗီဇာလျှောက်တဲ့အခါ မြန်မာနိုင်ငံမှာ ဂရိသံရုံးမရှိတော့ ဂရိနိုင်ငံကို တာဝန်ယူပေးထားတဲ့ ဂျာမနီသံရုံးကနေ ဗီဇာလျှောက်ရမှာဖြစ်ပါတယ်။

IMG_6996

ဘယ်အချိန်သွားမလဲ

ဆန်တိုရိနီကို သွားလည်မယ်ဆိုရင် ဧပြီလကုန်ကနေ နိုဝင်ဘာလဆန်းအထိ သွားလည်လို့ကောင်းပါတယ်။ နွေရာသီဖြစ်တဲ့ ဇွန်လကနေ စက်တင်ဘာလဆန်းပိုင်းအထိကတော့ ရာသီဥတုအကောင်းဆုံးပါ။ နွေးထွေးတဲ့ နေရောင်ခြည်တောက်တောက်အောက်မှာ ဆန်တိုရီနီက သိပ်ကိုလှပါတယ်။ High Season ဖြစ်တာကြောင့် ဧည့်သည်တအားများပြီး ဟိုတယ်နဲ့ လေယာဉ်လက်မှတ်တွေကတော့ ဈေးများနေတတ်ပါတယ်။ ဧပြီ၊ မေနဲ့အောက်တိုဘာလတွေကတော့ လူလည်းသိပ်မများ၊ ဈေးလည်းသိပ်မကြီး၊ ရာသီဥတုလည်း သိပ်မဆိုးဆိုတော့ အေးအေးဆေးဆေးလည်ချင်သူတွေအတွက် သင့်တော်မှာပါ။

ဆောင်းတွင်းရာသီဖြစ်တဲ့ နိုဝင်ဘာလကနေ မတ်လထိကတော့ ဧည့်သည်အရမ်းနည်းပါတယ်။ လေကြောင်းလိုင်းတွေလည်း သိပ်မဆွဲပါဘူး။ စားသောက်ဆိုင်နဲ့ ဟိုတယ်အတော်များများလည်း ပိတ်ပါတယ်။ ကမ်းခြေတွေမှာ ရေဆော့၊ အပန်းဖြေလို့ မကောင်းပေမဲ့ နေ့လည်နေ့ခင်း ကျွန်းပေါ်ကအလှတွေတော့ ခံစားနိုင်ပါတယ်။

IMG-6990

ဘယ်လိုသွားခဲ့လဲ

ဂရိကို ဒီနှစ်သင်္ကြန် ရုံးပိတ်ရက်ရှည်ရတုန်းက သွားခဲ့ကြတာပါ။ သွားခဲ့တာ ၄လကျော်လောက်တော့ ရှိပြီပေါ့။ အဲ့တုန်းက ရန်ကုန်ကနေ Qartar Airways နဲ့ ကာတာနိုင်ငံတစ်ဆင့်ခံပြီး ဂရိနိုင်ငံ အေသင်မြို့ကိုတန်းသွားခဲ့တာ။ အရင်က ဂရိမှာ တစ်ပတ်လောက်နေမလို့ စိတ်ကူးရှိခဲ့ပေမဲ့ အရေးကြီးကိစ္စတစ်ခုပေါ်လာလို့ ရက်တွေရွှေ့ရင်း ၃ညအိပ်ပဲအချိန်ရခဲ့တယ်။ အေသင်ကို ညဘက်ရောက်သွားတော့ အေသင်မှာ ၂ညအိပ်ပြီး ဆန်တိုရီနီကိုတော့ နောက်တစ်နေ့ မနက်စောစော လေယာဉ်နဲ့ ထွက်ခဲ့ကြတယ်။ အေသင်ကနေ ဆန်တိုရီနီကို ပြည်တွင်းလေကြောင်းလိုင်းဖြစ်တဲ့ Agean Airlines နဲ့ သွားခဲ့ပြီး ၄၅မိနစ်သာကြာပါတယ်။

အေသင်ကနေ ဆန်တိုရီနီကို ရေလမ်းကနေ Speed Boat တွေ၊ သင်္ဘောတွေနဲ့ သွားလည်းရပေမဲ့ ၄နာရီကနေ ၈နာရီကြားကြာတယ်ဆိုတော့ အချိန်တော်တော်ကုန်မယ်ပေါ့။ ရေကြောင်းနဲ့ သွားမယ်ဆိုရင် အေသင်မြို့နားရှိ Piraeus ဆိုတဲ့ ဆိပ်ကမ်းကနေ ဆန်တိုရီနီကျွန်းကို သင်္ဘော တစ်နေ့ လေးကြိမ်လောက်ပြေးဆွဲပါတယ်။ သင်္ဘောတွေမှာ ရိုးရိုးပုံမှန်နဲ့ High-speed သဘောၤဆိုပြီးရှိပါတယ်။ Blue Star Ferries (35 -40 euro) က ၈နာရီကြာပြီး နည်းနည်းပိုမြန်တဲ့ Hellenic Seaways က ၆နာရီကြာကာ အမြန်ဆုံးဖြစ်တဲ့ SeaJets (70-75 euro) က ၅နာရီပဲကြာပေမဲ့ အရမ်းမြန်တဲ့ High Speed Boat ဖြစ်တာကြောင့် သင်္ဘောမူးတတ်ပါတယ်။

ဆန်တိုရီနီကျွန်းမှာ တစ်ရက်ပဲ အပြည့်လည်ပြီး နောက်နေ့မှာ တခြားနိုင်ငံ ကူးလိုက်ရတော့ ခရီးစဉ်က တော်တော်လေးကို Rush ဖြစ်သွားတယ်လို့ ပြောရမယ်။ တခြား Austria နိုင်ငံ မှာ Hotel အခန်းခတွေ ပိုက်ဆံရှင်းပြီး ဖြစ်နေတော့ အရင်ဆွဲထားတဲ့ ခရီးစဉ်အတိုင်းပဲ ဆက်သွားလိုက်ရတော့ ဂရိမှာ ရက်တော်တော်နည်းသွားတယ်။ တကယ်တမ်း ဂရိမှာ လည်စရာတွေ အများကြီး။ ဓာတ်ပုံရိုက်စရာနေရာတွေ ပေါမှပေါ။ သူ့တစ်နိုင်ငံထဲ တစ်ပတ်-၁၀ရက် အေးအေးဆေးဆေးလည်လို့ရပါတယ်။

Snapseed-75

#ဘယ်မှာတည်းမလဲ

ဆန်တိုရီနီက တကယ်တမ်းတော့ ကျွန်းသေးသေးလေးပါ။ စတုရန်းမိုင်၄၈မိုင်သာကျယ်တဲ့ ဆန်တိုရီနီကျွန်းမကြီးကသေးငယ်လို့ ကျွန်းပေါ်မှာရှိတဲ့ မြို့ရွာလေးတွေက တစ်ခုနဲ့ တစ်ခု နီးနီးလေးတွေပါ။ တောင်နဲ့မြောက်ကားနဲ့ သွားမယ်ဆိုရင်တောင် ၁နာရီမကြာလောက်ဘူး။ ကျွန်းပေါ်ရှိ လေဆိပ်နားက Fira(ဖဲရာ) မြို့က ကျွန်းရဲ့မြို့တော်ဖြစ်ပေမဲ့ ရွာကြီးဖြစ်တဲ့ Oia (အီးယာ)ကရှုခင်းအရမ်းလှလို့ အကျော်ကြားဆုံးပါ။ ပုံတွေမှာမြင်နေကြရှုခင်းတွေက Oiaမှာရိုက်ထားတာတွေပါ။ Oia ဘက်ကတော့ ဟိုတယ်တွေက ရှယ်ပဲပေါ့။ မီးတောင်ဘက်ကို မျက်နှာပြုထားတဲ့ ကျောက်ဆောင်ကြီးတွေမှာ ဟိုတယ်တွေ စားသောက်ဆိုင်တွေ ဆောက်ထားကြတာ။ ဟိုတယ်တွေဆို Private Pool တွေ Jaccuzzi တွေနဲ့ အမိုက်စား။ မကောင်းတာက ချောက်ကမ်းပါးဘက်က ဟိုတယ်တွေဆီရောက်ဖို့ လှေကားထစ်တွေ တက်ရ၊ အထုပ်တွေ သယ်ရတယ်။ ဈေးကလည်း တခြားနေရာတွေထက် ပိုဈေးကြီးတယ်။

နုမြတ်တို့ကတော့ ဈေးပိုသက်သာပြီး အေးအေးချမ်းချမ်းရှိတဲ့ Fira မြို့မှာတည်းခဲ့ကြပါတယ်။ အဲ့က ဟိုတယ်လေးတွေက ချစ်စရာလေးတွေ။ အိမ်သေးသေးလေးတွေလိုပဲ။ သုံးထားတဲ့ အရောင်လေးတွေကလည်း နူးနူးညံ့ညံ့လေးတွေ။ ပြီးတော့ Fira က မြို့ကြီးဆိုတော့ မြို့ထဲမှာ စားသောက်ဆိုင်တွေ၊ ဘားတွေနဲ့ စည်စည်ကားကားရှိလှတယ်။ Fira နားက Imerovigli ဆိုတဲ့ ရွာလေးမှာလည်း ဟိုတယ်တွေလှလို့ တည်းကြတယ်တယ်။ ကမ်းခြေဘက်အခြမ်းက ဟိုတယ်တွေကတော့ စည်ကားသလို၊ ဈေးပိုသက်သာပြီး ကမ်းခြေအရသာကို ပေးစွမ်းနိုင်ပါတယ်။ ဒါပေမဲ့ ဆန်တိုရီနီကျွန်းမှာပဲရနိုင်တဲ့ ခံစားချက်မျိုးရဖို့ ချောက်ကမ်းပါးဘက်မှာ တည်းသင့်တယ်လို့ အကြံပြုချင်ပါတယ်။ ကျောက်ဂူတွေထဲမှာတည်းနေရသလို ခံစားနိုင်တဲ့ Cave House လေးတွေကိုလည်း ရွေးချယ်သင့်ပါတယ်။

Snapseed-7

#ဘယ်လိုလည်မလဲ

အဲ့မှာက လည်ရပတ်ရတာ အရမ်းလွယ်တယ်။ ကားလိုင်စင်ပါရင် ကိုယ်တိုင်တောင် ကားမောင်းလျှောက်လည်လို့ရတယ်။ International လိုင်စင်ဆိုရင် ဌားလို့ရတာ သေချာသပေါ့။ နုမြတ်မေးကြည့်တဲ့ကောင်တာမှာတော့ မြန်မာလိုင်စင်နဲ့လည်းရတယ်တဲ့။ ဒါပေမဲ့ ဘာလိုင်စင်မှ မပါတော့ မမောင်းလိုက်ရဘူး။ ကားသေးလေးတွေဆိုရင် တစ်စီးကို တစ်ရက်ကို ၅၀ယူရို လောက်က စပြီး ဈေးအမျိုးမျိုးရှိပါတယ်။ ဓာတ်ဆီကတော့ ကိုယ်ထည့်ရပါတယ်။ ကားဌားမယ်ဆိုရင် ခပ်သေးသေးပဲဌားပါ။ ဘာလို့လည်းဆိုတော့ ကျွန်းလေးက သေးပြီး လမ်းလေးတွေကလည်း ခပ်ကျဉ်းကျဉ်းလေးတွေမို့လို့ပါ။ Honeymooner တွေအနေနဲ့ အမိုးပွင့်ကားလှလှလေးငှား။ အချစ်သီချင်းလေးတွေဖွင့်။ ကဗျာဆန်လှတဲ့ ရှုခင်းလေးတွေကြားက လမ်းကျဉ်းကျဉ်းလေးတွေမှာ နှစ်ယောက်ထဲ ကားလျှောက်မောင်းရတာ တကယ်ကို Romantic ဖြစ်နေမှာပါ။

ကားခဈေးကြီးရင် အမိုးပွင့် ATV ယာဉ်တွေ တစ်ယောက်ချင်းစီ ဌားစီးလည်းရပါတယ်။ တချို့ဆို လမ်းလျှောက်သွားကြတယ်။ ရွာလေးတွေက သာယာလို့ ဘေးပတ်ဝန်းကျင်အိမ်လေးတွေလှလို့ လမ်းလျှောက်လေ့ရှိကြတယ်။ ကျွန်းပေါ်ပြေးဆွဲနေတဲ့ ဘတ်စ်ကားနဲ့ Taxi တွေလည်း ရှိပါတယ်။

IMG-6486

#ဘာတွေလုပ်ခဲ့လဲ

ဆန်တိုရီနီရောက်ရောက်ချင်းမနက်မှာ ဟိုတယ်အထုပ်ချပြီး လည်တော့တာပါပဲ။ မလည်လို့လည်း မရဘူး။ တစ်ရက်ပဲရှိတာဆိုတော့လေ။

Vocalno Tour

ဆန်တိုရီနီရဲ့ မီးတောင်ကြီးက ထူးခြားသလို မီးတောင်ရှင်ကြီးလည်း ဖြစ်နေတော့ မီးတောင် ခရီးစဉ်တိုးတွေ နေရာတကာမှာ အလွယ်တကူဝယ်လို့ရတယ်။ နုမြတ်တို့ရောက်တဲ့အချိန်နဲ့ မီးတောင်တိုးထွက်တဲ့ အချိန် အဆင်ပြေတော့ ဝယ်လိုက်ကြတယ်။ မီးတောင်၊ ပင်လယ်ရေပူစမ်း၊ Thirassia ရွာနဲ့ Oia ရွာမှာ နေဝင်ချိန်ကြည့်တာအပါ စုစုပေါင်း ၄၀ယူရိုကျပါတယ်။ မီးတောင်နဲ့ ရေပူစမ်းပဲ သွားမယ်ဆိုရင်တော့ ၂၀ယူရို ဖြစ်ပြီး Thirassia ကျွန်းပါ သွားမယ်ဆိုရင် ၂၆ယူရိုပါ။

Snapseed-76

မီးတောင်တက်မယ်

Fira မြို့မှာ မီးတောင်ဆီသွားတဲ့ အပျော်စီးသင်္ဘောဆိပ်ရှိပါတယ်။ မြို့ပေါ်ကနေ ဆိပ်ကမ်းဆီဆင်းရာမှာ လှေကားထစ်ပေါင်း ၆၀၀ကျော်ရှိပြီး လမ်းလျှောက်မဆင်းချင်ပါက ဆန်တိုရီနီရဲ့ နာမည်ကျော် မြင်းပုလေးတွေ စီးသွားရင်သွား၊ မစီးရင် Cable Car နဲ့ဆင်းလို့ရပါတယ်။ Cable Car မှာလူတွေများပြီး တန်းစီနေရတာရယ်၊ မြင်းပုလေးတွေကို သနားတာရယ်။ လှမ်းကြည့်လိုက်တဲ့အခါ သိပ်မဝေးဘူးထင်တာရယ်၊ လမ်းမှာ ဓာတ်ပုံရိုက်ချင်တာရယ်ကြောင့် လမ်းလျှောက်ပဲ ဆင်းခဲ့ကြပါတယ်။ အဲ့ဒါ သိပ်မှားတဲ့ ဆုံးဖြတ်ချက်လို့ပြောရမယ်။ သိပ်မဝေးဘူးထင်ရပေမဲ့ တကယ်တမ်း လှေကားထစ်ပေါင်း ၆၀၀ကျော်ကို မနည်းဆင်းခဲ့ရတာ။ သင်္ဘောထွက်မယ့်အချိန်ကလည်း ကပ်နေတော့ မပြေးရုံတမယ်ပါပဲ။ လမ်းလျှောက်ဆင်းရတဲ့ လှေကားထစ်နဲ့ မြင်းပုဆင်းတဲ့ လှေကားအတူတူပဲဆိုတော့ လမ်းမှာ မြင်းပု ချေးစော်ကလည်း နံပါသေးတယ်။ မစင်တုံးတွေ တက်မနင်းမိအောင်လည်း ရှောင်ရပါသေးတယ်။ အစမကောင်းဘူးလို့ပြောရမှာပါ။ အဲ့တစ်နေ့လုံး တခြားနေရာတွေမှာလည်း ခြေတိုအောင် တက်ရဆင်းရသေးတယ်လေ။

သင်္ဘောက သစ်သားရွက်သင်္ဘောပါ။ ၂ထပ်သင်္ဘောဖြစ်ပြီး Mini Bar နဲ့အိမ်သာလည်းပါပါတယ်။ သင်္ဘောကို ၁၀မိနစ်လောက်စီးပြီးတဲ့အခါမှာတော့ မီးတောင်အောက်က သင်္ဘောဆိပ်ကို ရောက်ပါတယ်။ မီးတောင်တက်ဖို့ တစ်ယောက်ကို ၂ယူရိုထက်ပေးရပါတယ်။ မီးတောင်ကြီးက ချော်ခဲကြီးတွေနဲ့ ပြည့်နေပြီး ရေပြာပြာအောက်ခံမှာ မီးတောင် မဲမဲ နီနီကြီးကို အနီးကပ်မြင်တွေ့ရတာ အမြင်အရမ်းဆန်းတာပဲ။ မီးတောင်ပေါ်တက်တဲ့လမ်းကလည်း ချော်ခဲတွေကြီးပဲဆိုတော့ မနည်းတက်ရတယ်။ ထိပ်ရောက်တော့မလား ရောက်တော့မလားနဲ့ အသေတက်ရတာပါဆို။ တက်ရင်း ဓာတ်ပုံတွေလည်း ရိုက်ရင်းဆိုတော့ သင်္ဘောတစ်စီးလုံးမှာ ကိုယ်တွေ ညီအစ်မတွေပဲ နောက်ဆုံးပေါ့။ အမတို့ဆို မောလွန်းလို့ မီးတောင်ထိပ်ထိမတက်နိုင်ကြတော့ဘူး။ မီးတောင်ကြီးက အရှင်ဆိုတော့ ပူလည်းပူတာကိုး။ နုမြတ်ကတော့ ကြိုးစားပြီး ထိပ်ထိတက်ကြည့်လိုက်ပါတယ်။ ထိပ်နားမှာ မီးတောင်ချိုင့်ကြီးတစ်ခုရှိပြီး အဲ့ထဲကနေ မီးခိုးငွေ့တွေ ထွက်နေတာကိုလည်း တွေ့ခဲ့ရတယ်။ ခုနေများမီးတောင်ကြီး ထပေါက်လိုက်လို့ကတော့ သေပြီဆရာဆိုပြီး တွေးရင်း ပြုံးစိစိနဲ့ပေါ့။ မီးတောင်ပေါ်ကနေ မြင်တွေ့ရတဲ့ ရှုခင်းတွေကတော့ အရမ်းလှပါတယ်။ ဆန်တိုရီနီ ကျွန်းမကြီးကို ဒီဘက်က လှမ်းမြင်ရတဲ့ ရှုခင်းကလည်း ရှယ်ပါပဲ။ မီးတောင်မှာ သင်္ဘောက ၁နာရီနဲ့ ၁၅မိနစ်ရပ်ပေးပါတယ်။ မီးတောင်တက်မယ် စိတ်ကူးရင် သွားရလာရ လွယ်ကူတဲ့ ဘောင်းဘီနဲ့ Walking Shoes ပဲ ဝတ်ပါ။ ကျန်တာ အဆင်မပြေပါ။ လူကြီးတွေပါရင် မတက်တာ အကောင်းဆုံးပါ။

Snapseed-78

🏝ရေပူစမ်းစိမ်မယ်

မီးတောင်ကနေထွက်လာကြပြီး မီးတောင်အောက်ခြေ ရေပြင်တစ်နေရာမှာ ရေပူစမ်းလို ကွက်ပြီးပူနွေးနေတဲ့ နေရာရှိပါတယ်။ အဲ့မှာ ရေပူစိမ်လို့ရအောင် နာရီဝက်လောက်ရပ်ပေးပါတယ်။ အဲ့နေရာရောက်အောင် သင်္ဘောကနေ ရေကူးပြီး သွားရတယ်။ သင်္ဘောပေါ်ကနေ တစ်ယောက်ပြီး တစ်ယောက် တစ်ဗွမ်းဗွမ်းနဲ့ ရေထဲ ခုန်ဆင်းကြတာ ပျော်ဖို့ကောင်းမှကောင်း။ နုမြတ်တို့ကတော့ ပွဲကြည့်ပရိသတ်ပေါ့။ ရေကူးဝတ်စုံလည်း ပါမလာ။ ပင်လယ်ထဲ ရေကူးရမှာလည်း မရဲတော့ သင်္ဘောပေါ်ကနေပဲ ဆင်းသွားသူတွေကို အားပေးခဲ့ပါတယ်။

IMG_7274

🏘Thirasia ရွာ သွားလည်မယ်

ရေပူစမ်းပြီးတော့ နောက်တစ်ကျွန်းကို ဆက်ကူးခဲ့ကြတယ်။ အဲ့ကျွန်းက ရွာလေးက အေးအေးချမ်းချမ်းရှိပြီး တောင်ပေါ်ရွာလေးရဲ့ အိမ်လေးတွေက တကယ့်ရှေးဟောင်းဂရိအိမ်လေးတွေတဲ့။ တက်ရဆင်းရတာ များလို့ တောင်ပေါ်တက်မကြည့်တော့ဘဲ ကမ်းခြေက စားသောက်ဆိုင်မှာပဲ အေးအေးလူလူ Lunch စားလိုက်ကြတယ်။ အဲ့နားက အိမ်လေးတွေလှလို့ သေချာကြည့်လိုက်တော့ လှေတွေထည့်ထားရာ လှေဂိုဒေါင်တွေ ဖြစ်နေတယ်။ လှေဂိုဒေါင်ကိုတောင် လှတပတလေးတွေ လုပ်ထားတတ်ကြတယ်။ တကယ်ပါပဲ။

🌄Oia မှာ Sunset ကြည့်မယ်

ကျွန်းလေးမှာ အေးအေးဆေးဆေးအနားယူပြီးနောက် တစ်ဖက်ကမ်းမှာ ရှိတဲ့ Oia ရွာကို လိုက်ပို့ပေးတယ်။ ရွာသာပြောတယ်။ Santorini ကျွန်းမှာ အစည်ကားဆုံးနေရာပါပဲ။ ကျွန်းပေါ် ပုံတွေမှာမြင်နေကြရှုခင်းတွေက Oiaမှာရိုက်ထားတာတွေပါ။ သင်္ဘောဆိပ်ကနေ အပေါ်ရောက်ဖို့တော့ မနည်းတက်ခဲ့ရတယ်။ ဒီမှာကျလမ်းလျှောက်တက်မှပဲရမှာ။ တခြားနည်းလမ်းမရှိဘူး။ ဒါကြောင့် လူကြီးတွေပါရင် မီးတောင်Tour မသွားသင့်ဘူးလို့ အကြံပေးချင်တယ်။ နုမြတ်တို့ကတော့ နည်းနည်းတက်လိုက် ဓာတ်ပုံရိုက်လိုက်နဲ့ဆိုတော့ အချိန်တော်တော်ကုန်သွားတယ်။

အပေါ်မှာတော့ လူတွေ အရမ်းစည်ကားပြီး ဟိုတယ်လေးတွေ ဆိုင်လေးတွေ အစီအရီနဲ့ အရမ်းလှတာပဲ။ ခရီးသည်အလာဆုံးနေရာဖြစ်လို့ တစ်ရွာလုံးနီးပါးက ဟိုတယ်၊ စားသောက်ဆိုင်နဲ့ ဈေးဆိုင်ခန်းတွေနဲ့ ပြည့်နေတာပါ။ အမိုးပြာပြာအခုံးလေးတွေနဲ့ Churchကျောင်းတွေကိုလည်း Oia မှာတွေ့မြင်ရမှာပါ။ အပြာရောင်အမိုးခုံး သုံးခုနဲ့ Church ကျောင်းကတော့ ဆန်တိုရီနီရဲ့ အဓိက အမှတ်အသားမို့လို့ အဲ့မှာ ဓာတ်ပုံရိုက်ဖို့ မမေ့ပါနဲ့။ ရွာကနေလှမ်းမြင်ရတဲ့ ရေပြာပြာထဲက မီးတောင်ရှုခင်းတွေ၊ နေဝင်ချိန်ရှုခင်းတွေ သိပ်လှပါတယ်။ နေဝင်ချိန်ကြည့်ဖို့ဆိုရင် Oia ရဲတိုက်ဟောင်းကြီးပေါ်တက်ပြီး ကြည့်ပါ။ သိပ်လှပါတယ်။ ပင်လယ်ထဲထိုးထွက်နေလို့ အိမ်တွေဘက်အခြမ်းကို နေဝင်ဆည်းဆာနေရောင်လေးခနေတာ သိပ်ကြည့်ကောင်းပါတယ်။ နေဝင်ပျိုးစအချိန်မှာ မီးစထွန်းလာကြတဲ့အခါမှာလည်း သိပ်လှတာပါပဲ။ နေဘယ်အချိန်ဝင်မလဲဆိုတာကို အင်တာနက်ထဲရှာကြည့်ပါ။ မဟုတ်ရင် အကြာကြီး ငုတ်တုတ်ထိုင်စောင့်နေရမှာပါ။ နုမြတ်တို့တုန်းက ဆို ည၈နာရီလောက်မှ နေဝင်ပါတယ်။

Snapseed-47

🏖ကမ်းခြေသွားမယ်

ကျွန်းဆိုတော့ ကမ်းခြေလည်း ရှိတာပေါ့။ မီးတောင်ပေါက်ကွဲထားလို့ တခြားကျွန်းတွေနဲ့မတူတမူထူးပြီး ချော်ရည်တွေကြောင့် ကမ်းခြေတွေမှာ သဲမည်းကမ်းခြေ၊ သဲနီကမ်းခြေ၊ သဲဖြူကမ်းခြေဆိုပြီး အမျိုးမျိုးရှိနေတာပါ။ Red Sand Beach သဲနီကမ်းခြေက ကျောက်တောင်နီနီ၊ သဲနီနီ၊ ရေစိမ်းစိမ်းလေးနဲ့ အမြင်ဆန်းပါတယ်။ Black Sand Beach လို့ခေါ်တဲ့ Kamari Beach (Perissa Beach) သဲမည်းကမ်းခြေကို နောက်တစ်နေ့မနက်မှာ သွားဖြစ်ခဲ့တယ်။ သဲထက်စာရင် ချော်ခဲတွေ ပြည့်နေတဲ့ ကမ်းခြေလို့ပဲ ပြောရမှာပါ။ သဲသောင်ပြင်ပေါ်မှာ ပက်လက်ကုလားထိုင်တွေနဲ့ထိုင်ကြည့်ရတဲ့ လဟာပြင်ရုပ်ရှင်ရုံလည်းရှိတယ်လို့ သိရတယ်။

🚤Cruise စီးမယ်

ပင်လယ်ထဲမှာ ရွက်လှေစီးတာတို့၊ Cruise စီးတာတို့လုပ်ပြီး အေးအေးဆေးဆေး အနားယူနိုင်ပါသေးတယ်။ကိုယ်ချစ်တဲ့သူနဲ့အတူတူ ရွက်လှေပေါ်မှာ နေဝင်ချိန်ကြည့်ရင်း ဝိုင်လေးသောက်ရင်း ဘယ်လောက်တောင် ကဗျာဆန်လိုက်မလဲနော်။

🍷Wine Tour

ဆန်တိုရီနီဟာ ဥရောပရှိ၂ခုတည်းသော ပူအိုက်တဲ့ကန္တာရလိုရာသီဥတုရှိရာဒေသထဲက တစ်ခုဖြစ်ပါတယ်။ ရာသီဥတုခြောက်သွေ့နွေးထွေးလို့ ဝိုင်ချက်လုပ်ရာမှာအောင်မြင်ပြီး ဆန်တိုရီနီဝိုင်က ကမ္ဘာကျော်ပါတယ်။ ရေထက်ဝိုင်ပိုပေါတဲ့ ဆန်တိုရီနီမှာ ဝိုင်လိုက်မြည်းစမ်းနိုင်တဲ့ Tour လည်းရှိပါတယ်။

🏛History Tour

ပလေတိုရဲ့ဒဏ္ဏာရီတစ်ခုဖြစ်ခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း၉၅၀၀ကျော်က ရေအောက်ကမ္ဘာထဲ ပျောက်ဆုံးသွားတဲ့ အတ္တလန္တိတ်မြို့တော်ကြီးဟာ ဆန်တိုရီနီကျွန်းမှာရှိခဲ့တယ်လို ယူဆနေကြပါတယ်။ မီးတောင်ကြောင့် မြုပ်သွားတဲ့ထဲမှာ အတ္တလန္တိတ်မြို့တော်ကြီးလည်းပါပြီး လက်ရှိ ဆန်တိုရီနီကျွန်းကြီးပေါ်မှာ ကျန်ရှိနေတဲ့ Akrotoni မြို့ပျက်ကြီးက အဲ့ဒီမြို့ကြီးနဲ့ဆက်စပ်နေပါတယ်လို့ ယူဆနေကြပါတယ်။ အဲ့မြိုကပျက်ကြီးဆီလည်း သွားလေ့လာလို့ရပါတယ်။

ရွာသွားလည်မယ်

ကျွန်းသူကျွန်းသားတွေရဲ့ ရိုးရာ ယဉ်ကျေးမှုလေ့လာချင်ရင်တော့ Pyrgos ရွာလေးကိုသွားရပါမယ်။ ရွာလေးက အေးအေးဆေးဆေးရှိပြီး လူရှင်းကာ သူတို့ရဲ့ လူနေမှုဘဝတစ်စိတ်တစ်ပိုင်းကို တွေ့မြင်နိုင်မှာပါ။ ကျွန်းအလည်ပိုင်း တောင်ကုန်းလေးပေါ်မှာရှိတဲ့ ဂရိရှေးဟောင်းရွာလေးပါ။

ဒီလောက်ဆိုရင်တော့ ဆန်တိုရီနီအကြောင်း တစေ့တစောင်း သိလောက်ပြီထင်ပါတယ်။ Santorini သွားမယ်ဆိုရင် May လကနေ September လအထိက နွေရာသီဖြစ်ပြီး နေသာတဲ့ရာသီဥတုရှိလို့ သွားလို့အကောင်းဆုံးကာလတွေပါ။ အဲ့ရာသီမှာ ဧည့်လာများပါတယ်။ ဂရိမှာ ဆန်တိုရီနီကျွန်းအပြင် Descendents of the sun ရုပ်ရှင်ကားရိုက်တဲ့ သင်္ဘောပျက်ကြီးရှိတဲ့ Zakynthosကျွန်း၊ အရမ်းလှပြီး Party Island လို့ခေါ်တဲ့ Mykonos ကျွန်းတို့ကိုလည်း သွားလည်နိုင်ပါတယ်။ နောက်ပြီး မြို့တော် အေသင်ကလည်း မရောက်မဖြစ်ပေါ့။ ရှေးဟောင်းဂရိသမိုင်းတွေ၊ ဂရိနတ်ဘုရားတွေနဲ့ ဆက်စပ်နေတဲ့ နေရာဖြစ်လို့ စိတ်ဝင်စားစရာပါ။ ဆန်တိုရီနီသွားရင်းနဲ့ တလက်စတည်း ဂရိနိုင်ငံက တခြားမြို့တွေပါ သွားလည်မယ်ဆိုရင် တစ်ပတ် ၁၀ရက်လောက်အချိန်ပေးမှ အဆင်ပြေမှာပါ။ ဂရိခရီးစဉ်ဟာ ကြင်စဦးဇနီးမောင်နှံတွေအတွက် တကယ်ကို ခံစားမှုရသအမျိုးမျိုးပေးစွမ်းနိုင်မှာ သေချာပါတယ်။

ဒေါက်တာနုမြတ်သိင်္ဂီဦး

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s